ဖေဖေပြောတဲ့ ခေတ်သစ်ပုံပြင်

အသက်တွေ ကြီး ကြီး လာ လေ..ငယ်ဘ၀ တွေက..ပို ပို အဖိုးတန် လာ လေ .. ပို ပို ..တမ်းတ သတိရ စရာ ဖြစ်လေ...။

ခုချိန်မှာ စိတ်တွေ ကို အနားပေး ရင်း.. ငယ်ငယ်က.. ပုံပြင်နားထောင် ချိန်လေး တွေ ဆီ.. အလည် ပြန်သွား မိ တော့ သည်။




ဖေဖေ့ စာအုပ် ဗီရို ထဲ မှာ.. ရုရှပုံပြင် စာအုပ် အနီ ကြီး တအုပ် ရှိ သည်။ အတော် လေး ထူ ပြီး.. သားရေ ဖုံး အနီ ကြီး နှင့် မို့.. သာမန် အားဖြင့် ကြည့် လျှင်တော့..ကလေး တွေ နဲ့..လားလား မှ မဆိုင် သလို။ ဒါပေမဲ့.. နွေရာသီ ကျောင်းပိတ်ရက် တွေ မှာ..ညဖက် ဖုန် တထောင်းထောင်း ထ အောင် ဆော့ လှောင် ပြီး လို့..အိမ်ထဲ ပြန် ၀င် လာ တာ နဲ့.. စာအုပ် အနီ ကြီး ကို ကိုင်ပြီး ထိုင် စောင့် နေ တဲ့..ဖေဖေ့ ကုလားထိုင် ဘေး မှာ.. မောင်နှမ တ တွေ.. တိုးခွေ့ နေရာ လု ရ တော့ ပြီ။ သစ်ပင် အမြင့်ကြီး ပေါ် မှာ အဆင့်ဆင့် ဆောက်ထား တဲ့ ..စုံးမကြီး ရဲ့ အိမ် ကို ..စိတ်ထဲ၊ မျက်စိ ထဲ၊ အိပ်မက် ထဲ အထိ  စွဲ နေ လည်း၊ အကြိမ်ကြိမ် အထပ်ထပ် ကြည့် လို့ မ၀ ။ တယောက် တလှည့် အလည် ဖိတ်ရင်း ၊ ပညာ  ပြိုင် တဲ့ ၊ ငှက်ကြီး ၀န်ပို နဲ့ မြေခွေး ကြီး ကလည်း..စာအုပ်ကြီး ကို လှန် လိုက် တိုင်း အရှေ့ ဆုံး စာမျက်နှာ မှာ။ သူတို့ အကြိုက် ဆုံး က.. မြင်း နှစ်ကောင် က တဲ့..ရထား ကြီး နဲ့.. အလှူ သွား တဲ့ ၀က်သားအုပ်မ ကြီး။ 



 တူတွေ တူမ တွေ အပါအ၀င် ၊ ခုခေတ် ကလေး တွေ ပုံပြင် နားထောင် ကြ သေး သလား၊ စိတ်ဝင်တစား ရှိကြ သေး သလား တော့.. မသိ။ ဖေဖေ ကတော့.. ပုံပြင် တွေ ဆက် ပြောပြ ချင် နေ သေး ပုံ ရ သည်။ သူတို့ အားလုံး လည်း ၊ ဖေဖေ ပြောတဲ့ ပုံပြင် တွေ ကို ဆက် ပြီး နားထောင် ချင် နေ ပါ သေး သည်။

 သူတို့ အင်မတန် ကြိုက်တဲ့ ၀က်သား အုပ်မ ကြီး အကြောင်း ကို၊ ဖေဖေ က.. ပုံပြင် အသစ်ကလေး တပုဒ် ပြောပြ လာ ပြန်သည်။ ဒါပေမဲ့ တော့...ငယ်ငယ် တုန်း ကလို.. ဖေဖေ့ ဘေး မှာ ထိုင်ရင်း .. မေးခွန်းပေါင်း များစွာ မေး လို့ မဖြစ်တော့ ပါ။ မေးဖို့လည်း မလို တော့ ပါ။ ဖေဖေ့ အဝေး က သာ..အတွေးပေါင်း များ စွာ နဲ့.. လောက ကြီး အကြောင်း လူတွေ အကြောင်း ကို..ပုံပြင် ထဲ ကနေ.. ရှာဖွေ ကြည့် နေ မိ သည်။

 ပြီးတော့..ဖေဖေ စိတ်ဝင်စား တဲ့ ရွှေလေးနယ် က ရွာသားကြီး တွေ အကြောင်း။ လျင်လျင်မြန်မြန် ပြောင်းလဲ လာ တဲ့ ခေတ်ကြီး ရဲ့ အကြောင်း။ များများစားစား လိုအပ် လာတဲ့ စားဝတ်နေရေး ရဲ့ အကြောင်း ။ နည်းနည်းပါးပါး ပဲ..ကျန်ရှိ တော့ တဲ့..ရိုးသားမူ ရဲ့ အကြောင်း ။ အယူဝါဒ ရဲ့ အကြောင်း ။ လူသာ ပဓါန ရဲ့ အကြောင်း။ တိုက်ပွဲ တွေ အကြောင်း ။ ဆုတ်ပွဲ တွေ အကြောင်း ။ သိခြင်း အကြောင်း။ မသိခြင်း အကြောင်း။ ရှိခြင်း အကြောင်း ။ မရှိခြင်း အကြောင်း။   ကြီးခြင်း အကြောင်း ။ ငယ်ခြင်း အကြောင်း။

အကြောင်း ကြောင်း ကြောင့် အကြောင်းအပေါင်း သင့် ကြ ရ တဲ့ အကြောင်း။



 ++++++


ပဲခူး ရိုးမ တောင်တန်းကြီး တွေ ကို ကျောမှီ ထား တဲ့.. ဇာတိ ရပ် မြေ

ဒီဒေသ မှာ...ရွှေလေးချောင်း လို့ ခေါ်တဲ့  ချောင်းမကြီး တစင်း ရှိ ပါတယ်။ အဲဒီ..ရွှေလေးချောင်း ရဲ့  အနားမှာ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်က ရွှေလေးကြိုးဝိုင်း လို့  ခေါ်တဲ့  ကျွန်းသစ် ကြိုးဝိုင်း ကြီး တခု ရှိပြီး..အဲဒီ ကြိုးဝိုင်း ကြီး နဲ့  ချောင်းအနီး တ၀ိုက်က ကျေးရွာ (၁၁) အုပ်စု ကို ရွှေလေးနယ်..လို့  စုပေါင်း ခေါ် ခဲ့ ကြ တယ်..။ အဲဒီ ရွာတွေက..ရွာသားတွေ ကို.တော့....ရွှေလေးသား တွေ လို့   နယ်တနယ်လုံးက ခေါ်ကြတယ်..။အရင်က သစ်ထုတ် လုပ်ရေး လုပ်ငန်းတွေကို ဆင်တွေ ..ကျွဲ တွေ၊ လူ အင်အားတွေ နဲ့ ပဲ..လုပ်ကြတော့..အဲဒီ ဒေသ တ၀ိုက်က ရွှေလေး သားတွေ ဟာ၊ ရွှေလေးကြိုးဝိုင်း နဲ့  ပတ်သက် တဲ့  အလုပ် တွေ ကို လုပ်ရ တဲ့  အပြင်...ကြိုး ၀ိုင်းပြင်ပ သစ်တောတွေ ထဲ မှာ..တောင်ယာ လုပ်ကြ..၀ါးခုတ်ကြရတယ်..။ အဲဒီတုံး က ရွှေလေးသား အတော် များများဟာ....ပင်ပန်းဆင်းရဲ စွာ အသက်မွေး ကြရပေမယ့် ..ရိုးသား ကြတာ များ ပါတယ်..တဲ့။

ဒုတိယ ကမ္ဘာစစ် အတွင်း..ဂျပန်တွေ စစ်ရှုံး ပြီး..ပဲခူးရိုးမ ကတဆင့် စစ်တောင်းလွင်ပြင် ကို ဖြတ်ကူးကြ တဲ့  အခါ..ရွှေလေးနယ် ဟာ..ဖြတ်လမ်းကျပြီး..စစ်အတွေ့  အကြုံ များခဲ့ ရသလို..ဒုတိယကမ္ဘာ စစ်ပြီးလို့ ..ပြည်

တွင်းစစ် ကာလမှာတော့ ပဲခူး ရိုးမ မှာ အခြေချ တဲ့ ကွန်မြူ နစ် တွေ နဲ့  နီးနီးကပ်ကပ် ဆက်ဆံ ခဲ့ ရတယ်..။ ရွှေလေးဒေသ မှာ၊ မတ်က်စ် လီနင် ၀ါဒ ကျောင်းတွေ..ဆေးကျောင်းတွေ ဖွင့် လှစ် ခဲ့ တာကိုလည်း ကြုံ ခဲ့ ကြ တယ်..။ ဗမာပြည် ကွန်မြူနစ် ပါတီ ရဲ့ အာဏာနီ နယ်မြေ အဖြစ်.. (၁၆) နှစ် လောက် တည်ဆောက် ခံရပြီး  တဲ့၊  ရွှေလေး နယ်..ဟာ....ကွန်မြူနစ် ပါတီ ကို ပဲခူးရိုးမ ကနေ တိုက်ထုတ် ပြီး ချိန်မှာတော့၊ .မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ရဲ့  အဓိက စည်းရုံးရေးနယ်..ဖြစ် ခဲ့ ရပြန်ပါတယ်..။

အဲဒီ အချိန် မှာတော့၊ ရွှေလေးသားတွေ ဟာ..အစ ကလို..ဆင်းရဲ ရိုးအ လှသူတွေ မဟုတ်တော့ ဘူး..။ အတွေ့  အကြုံ တွေက စုံလှပြီ..။ ရှင်ကြီး ၀မ်းရော..ရှင်ငယ် ၀မ်းရော.ရှင်လတ် ၀မ်းရော....၀င်လိုက် ထွက် လိုက် လုပ်တတ်နေတဲ့  ရွှေလေးသားတွေ ဖြစ်နေ ခဲ့ ပြီ..။

၁၉၉၀ ရွေးကောက်ပွဲ ကာလ စည်းရုံးရေးဆင်း တုံးက..တွေ့ ကြုံ ခဲ့ တာ တွေ ကို..အခြေပြု ပြီး..ရွှေလေး

နယ်သားတွေ ကို ဂုဏ်ပြု ရင်း၊  .Russian Folk Tale ပုံပြင်စာအုပ်ပါ..The Cunning Muzhik ပုံပြင် ကို မှီးပြီး ရွှေလေးသား(ခေတ်သစ်ပုံပြင် ) ကို ရေးသား ထား ပါ တယ် ။ 



 
++++ ++++

 တခါက...ရွှေလေး နယ်က ရွာတရွာ မှာ အမေ အိုကြီး နဲ့  သားနှစ်ယောက် ရှိသတဲ့ ..။

သားအမိ တတွေ မိရိုးဖလာ အစဉ်အလာ အတိုင်း လုပ်ကိုင် စားသောက် နေတုံး..သားကြီး တယောက်.. တပ်နီ (ကွန်မြူနစ်တပ်) ထဲ ကို လိုက်သွားပြီး၊ .ပြန်မလာ ရှာတော့ ဘူး..။ သေသွားသလိုလို လည်း..ပြောကြသတဲ့ ။ အမေအိုကတော့ သူ့ သားကြီး မသေသေး ဘူး လို့ပဲ  ယုံကြည် နေရှာသေးတယ်..တဲ့။ သားငယ် နဲ့ ပဲ သားအမိ နှစ်ယောက်သားနေနေတုံး.. တနေ့မှာ..သားငယ်ဖြစ်သူ ခရီးသွား ရသတဲ့ ..။

 သားငယ် ခရီးသွားနေတုံး ဧည့် သည် လူစိမ်း တယောက် ရောက်လာတယ်..တဲ့ ။ ဧည့်သည် လူစိမ်း က `အဖွားရေ..တနေ့ လောက် တည်းခို ပါရစေ ..´´ လို့ ပြောတော့ ...အမေအိုက..``လာပါ..တည်းပါကွယ် ၊ ဒါထက်..မင်းက ဘယ် က လာတာ လဲ ´´ လို့  မေးလိုက် သတဲ့..။ လူစိမ်းဧည့် သည်က ``ကျနော်...ရေနီ..ကပါ´´ .. လို့ ပြောတော့  အမေ အိုက `` အမယ်..တပ်နီ နဲ့  ရေနီ နီးစပ်သား ´´ လို့ တွေးရင်း...၊ ``ဒါဆို..တပ်နီ ထဲ လိုက်သွား တဲ့  ငါ့ သားကြီး ကို များ မသိဘူးလား ´´ လို့ မေး သတဲ့ ..။ လူစိမ်းက `` သိတာပေါ့  အဖွါးရယ်..ကျနော် နဲ့ တအိမ် ထဲ တောင် နေခဲ့ ရသေးတယ်´´ လို့  ပြန် ပြောသတဲ့ ..။

 အမေအို က.. `` ဟယ်..ဟုတ်လား..သူအခု ဘယ်လိုများ နေထိုင် စားသောက် နေရသလဲ ကွယ်´´ လို့  စိုးရိမ်ပူပန် တကြီး မေးရှာတယ်..။

`` ဟာ..အဖွါးသား ကြီး က အရင်ကတော့  .. လယ်လုပ်တယ် ဗျာ..။ အခုတော့ သူ့ လယ်တွေ အသိမ်း ခံရလို့ ဆင်းရဲ ပြီး.. ကြုံ ရာ လုပ်စား နေရ ရှာတယ်..´´ လို့  လူစိမ်းက ပြန်ဖြေတော့ အဖွါး အိုခမျာ..``အလို..ငါ့ သားကြီး..ဆင်းရဲ နေရှာပါပေါ့ ´´ လို့  ၀မ်းနည်းပက်လက် ဖြစ်ရရှာတယ်..။

လူစိမ်းက..``ဒီလို ပေါ့  အဖွါးရယ်..ကျနော်လည်း သူ့ လိုပါဘဲ..။ဒါကြောင့် အရင်းအနှီးလေး နည်းနည်းရှိတုံး

အရောင်းအ၀ယ် လေး တခုခု လုပ်မယ် ဆို ပြီး..ဒီ ကို ရောက် လာတာပါ ဘဲ ..ဗျာ´´ လို့  ပြောသတဲ့ ။

အမေအိုက..`` ဟင်း..ငါ့ သားကြီးကကော..ဘာပြုလို့ များ..မင်းလို..ဒီနယ်ဘက် ကို..မလာနိုင် တာ တုံး´´ လို့  ကရုဏာ ဒေါသော နဲ့  ရေရွတ်ရှာတော့..

လူစိမ်းက..``စိတ်တော့မကောင်းပါဘူး..အဖွါးရယ်...ကျနော်တောင်..ခင်ဗျားတို့ နယ်ဖက်ကို ရောက်ချင်ရောက် မယ်..လိုက်ခဲ့ ပါ လား လို့ ..ခေါ် ခဲ့ ပါသေးတယ်´´ လို့  ပြန်ပြောတယ်။

အဖွါးအို က..``ဟုတ်လား..ဘာလို့  မလိုက်တာပါ လိမ့် ´´ လို့  မေးတယ်..။

`` သူ့ မှာ..ထသွား ထလာ ၀တ်စရာ အ၀တ်အစား ကလည်း မရှိ ..လမ်းစရိ တ် ကို မရှိရှာဖူး အဖွါးရယ်..´´ လို့ လူစိမ်းက ဖြေ လိုက် တော့ အမေအို ခမျာ.. မျက်ရည်လေး တစမ်းစမ်း ဖြစ်သွား ရှာတယ်..။ နောက်တနေ့  လူစိမ်း ဧည့် သည် ခရီး ဆက်မယ် ဆိုတော့ အမေအိုက.. ``ငါ့ မှာ ပင်နီ ဖျင် တအုပ်နဲ့ ငွေလေး ငါးထောင် လောက်တော့ စုထား တာ ရှိတယ်.. မင်း..ယူသွားပြီး..ငါ့သား ကြီး ကို ပေးလိုက်ပါ... အဲဒီမှာ..သိပ်ပင်ပန်းဆင်းရဲ နေရင်လဲ..ဒီကို သာ ပြန်လာခဲ့ ပါ ´´ လို့ မှာလိုက်သတဲ့ ။

``ကောင်းပါပြီ..စိတ်ချပါ ´´ လို့ ပြောပြီး ဧည့်သည်က ထွက်သွား ပါရော..တဲ့။

 ရက် အတော်ကြာတော့ ခရီးထွက် သွားတဲ့  သားအငယ် ပြန်လာ တယ်။ အမေအို က..သား အငယ် ကို ၀မ်းသာအားရ ပြောရှာတယ်..။

``သားငယ်ရေ..မင်း အိမ်မှာမရှိ တုံး..ရေနီ က ဧည့် သည် တယောက် ရောက်လာတယ်..။ တပ်နီက ငါ့သားကြီး အကြောင်း အကုန်သိပြီး ပြောပြသွားတယ်.. မင်းအကိုကြီး.. ဟိုမှာ ဆင်းရဲ နေတယ် ဆိုလို့  သူ့ အတွက် ပင်နီဖျင် တအုပ် နဲ့  ငွေငါးထောင် ပေးလိုက်တယ်..တိုက်တိုက် ဆိုင်ဆိုင် လူကြုံ ပေါ့ ကွယ် ..´´ တဲ့ ။

ဒီစကားကို ကြားတဲ့  သားငယ်ခမျာ..မောမောပန်းပန်း ဖြစ်သွားပြီး..

``အင်း..အမေ ကတော့ လုပ်ပြီ..။ကျနော်ကတော့ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေ နေရတာ..အမေ ဒီလိုသာ လျှောက် ပေး ကမ်း ပစ်နေတော့ .. မထူး ပါဘူးဗျာ..ကျနော် လည်း သွားတော့ မယ်...နေရာအနှံ့ ..ကမ္ဘာအနှံ့  .... ရောက်ချင်ရာ ရောက် ပစေတော့.. အမေ့  ထက် အ..တဲ့ သူ တွေ့  မှ ဘဲ ပြန်လာတော့မယ်´´ လို့ ဒေါသ တကြီး ပြောပြီး..ရွှေလေးသား ဟာ ရောက်ရာ ပေါက် ရာ ထွက်လာ ခဲ့ တော့တယ်..။

ဒီလို နဲ့  အ၀ှမ်း (မြေပြန့် ) က ရွာတရွာကို ရောက်လာတယ်..။ ရွာထဲ လျှောက်လာတုံး..သက်ကယ်မိုး ထရံကာ အိမ်စုတ်ကလေးတွေ ကြားထဲ မှာ..ခြံကျယ်ကျယ် နဲ့ သွပ်မိုး အိမ်ကြီး ရခိုင် တလုံး တွေ့  လိုက်တယ်..။

ခြံထဲ မှာလည်း..စပါးကျီ နဲ့  တင်းကုပ် နဲ့  ဆိုတော့ ..ဒါဟာ ချောင်လည် တဲ့ မြေရှင်တယောက် အိမ်..လား။
ကျေးရွာ အုပ်ချုပ် ရေး လူကြီးတယောက် ရဲ့  အိမ်လား လို့  ..ရွှေလေးသား က တွေးလိုက်တယ်  ။ခြံထဲမှာ ၀က်မကြီး တကောင် နဲ့  သားပေါက် ၀က် တအုပ်ဟာ ရွှံ့  တွေ လိုက် ထိုးနေတာ တွေ့  လို့  ရွှေလေးသားက

ဝက်မကြီး အနားကို ကပ်သွားပြီး..ခါးကုန်းပြီး..၀က်မကြီးကို စကားတွေ  ပြောနေလိုက်တယ်.။

ဒီအိမ်က ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ် ဆိုဘဲ..။

အုပ်ချုပ်ရေးမှူး ရဲ့ မိန်းမက အိမ်ပြူတင်းကနေ ကြည့် လိုက် တော့ သူ့ ဝက်မကြီးကို လူတယောက်က အနားကပ်ပြီး တကုန်းကုန်း နဲ့  စကားတွေ ပြောနေတာကို ထူးထူး ဆန်းဆန်း မြင် လိုက်သတဲ့ ..။ ဒါနဲ့  သူ့ အိမ်မှာ ခိုင်းတဲ့  ကောင်မလေး ကို ခေါ်ပြီး..`` တို့ ဝက်မကြီး အနား မှာ လူတယောက် ကုန်းကုန်း ကုန်းကုန်း နဲ့ ဘာတွေ လုပ်နေတာလဲ..သွားမေးစမ်း ´´လို့  ခိုင်း လိုက်သတဲ့ ။

အိမ်ဖော် ကောင်မလေး က ရွှေလေးသားအနား ကပ်သွားပြီး`` ရှင်..ဘာတွေ လုပ်နေတာလဲ ၊၀က်မအနားတကုန်းကုန်း နဲ့  ..´´ လို့ မေး လိုက်တယ်။

``ကလေးမ ရေ.. မင့် အိမ်ကြီးရှင်ကို ပြောလိုက်ပါ..၀က်မကြီး ပိန်သွားလိုက်တာ..ဒီ ၀က်မကြီးဟာ ငါ့ မိန်းမရဲ့  အစ်မတ၀မ်းကွဲ ပဲ.. သူ့ ကို ငါ့ သားရဲ့  မင်္ဂလာဆောင် မှာ သတို့ သား ဖက်က လူကြီး တယောက် အဖြစ် လာ ဖိတ် တာပါ.. သူ့  ကလေးတွေ ကော..လူပျို ရံ အပျို ရံ တွေ ပေါ့ ကွာ..မင့် အိမ်ကြီးရှင်ကို သွားပြောချည် ပါ...သူတို့ ကို မင်္ဂလာဆောင် ကို ထဲ့  လိုက်ပါဦး လို့  ´´ ရွှေလေးသားက ပြော လိုက်သတဲ့ ။

အုပ်ချုပ်ရေးမှူး ကတော် အိမ်ရှင်မလည်း ဒီလို ပြောသံကို ကြားတော့..``ဒီ တောသား..အ..တတ  ၀က်မ

ကြီးကို များ မင်္ဂလာဆောင် ဖိတ်ရတယ် လို့ .. အေးပါ ဟယ်..သူများ တွေ ပိုပြီး  ရီစရာ ဖြစ်အောင်ဝက်မကြီးကို အ၀တ်တွေ ဘာတွေ ၀တ်ပေးလိုက် စမ်း.. ငါ့ ကို လာကန်တော့ ထားတဲ့ အထဲက ဟို .. ပါတိတ် ၀မ်းဆက် အ၀ါ လေး ဆင် ပေးလိုက် စမ်း.. ပြီးတော့ ၀က်ကလေး တွေပါ လိုက် နိုင် အောင် လှည်းတပ်ပြီး တင်ခေါ်သွား ပစေ  နွားနှစ်ကောင် ဆင်ပေးလိုက်..ကြစမ်း´´ လို့ သူ့အိမ်က စာရင်းငှားကောင်လေးတွေကိုပါ..၊ အမိန့်ပေးလိုက်တယ်...။ စိတ်ထဲမှာတော့..``အင်း..အိမ်က ထော်လာဂျီက...အရေးထဲ..စပါးသွားဆွဲနေရသေးတယ်.. ထော်လာဂျီ နဲ့  ဆို ပို ခမ်းနားမှာ ပဲ ...´´ လို့  တောင် တွေးနေမိသေး သတဲ့ ..။

ဒီလို နဲ့  ရွှေလေးသားဟာ နွားနှစ်ကောင် ကို လှည်းမှာ တပ်ပြီး..ပါတိတ် ၀မ်းဆက် ၀တ်ထားတဲ့  ၀က်မကြီးနဲ့ ၀က်ကလေးတွေ ကို...လှည်းပေါ်တင်ပြီး..အုပ်ချုပ်ရေး မှူးကတော် ကို လက်ပြ နှုတ်ဆက်ကာထွက်သွားသတဲ့ ။

တော်တော် ကြာတော့ အုပ်ချုပ်ရေးမှူး က မော်တော်ဆိုင်ကယ် တဘုံးဘုံး နဲ့ ပြန်ရောက် တယ်..။

အိမ်ပေါ် တက်လာတဲ့..  အုပ်ချုပ်ရေးမှူး ကို.. သူ့ မိန်းမက အနားကပ် သွားပြီး..ရီကာမောကာနဲ့ ``အကိုရေ..အကိုတော့ ရယ် စရာတခုနဲ့  ကပ်လွတ်သွားတယ်´´ လို့  ပြော လိုက်သတဲ့ ..။  သူက ပြောရင်းတောင် အရယ် မရပ် နိုင်သေး ဘူး..။

``တောသား နဲ့  တူပါတယ်..လူခပ် အအ တယောက် လေ..ကျမ တို့ အိမ်က၀က်သားပေါက် ကလေးတွေ နဲ့  ၀က်မကြီးကို လေ...သူ့ မရီးဝမ်းကွဲ တော် သတဲ့  ..သူ့ သား မင်္ဂလာဆောင် မှာ သတို့ သားဖက်က လူကြီးအနေနဲ့  ကြွပါတဲ့  ..လာဖိတ်နေတာတော်..တကယ်ရီရတယ်..အကိုရဲ့ .. ပြီးတော့ ..၀က်ပေါက် ကလေး တွေကိုရော..လူပျို ရံ အပျို ရံ လိုက်ခဲ့ ပါတဲ့  ..ရီ ရတယ် တော်´´ လို့  ဆိုတော့

``အင်း..မင်း ဘာလုပ် မယ် ဆိုတာ..ငါသိနေပြီ ´´ လို့  အုပ်ချုပ်ရေးမှူးက ဖြတ်ပြောတယ်..။

``မင်း..၀က်မကြီး နဲ့  ၀က်ကလေးတွေ ပေးလိုက်တယ် မဟုတ်လား´´ လို့  လည်း ဒေါနဲ့ မောနဲ့ ဆက်မေးလိုက်တယ်..။ အုပ်ချုပ်ရေးမှူး ကတော်က..မျက်နှာကို ခပ်တင်းတင်းလေး မော့ ပြီး ``အင်းလေ..အကို ရဲ့  .သတို့ သားဖက်က လူကြီး လုပ်ရ မှာ ဆိုတော့ တင့် တင့် တယ် တယ် ဖြစ်အောင် ပါတိတ် ၀မ်း ဆက် တောင် ဆင်လိုက်သေးတယ် .. ခန့်ခန့်ညားညား ဖြစ်အောင် လှည်းတောင် နွားတပ်ပြီး ပးလိုက်သေးတယ်.. အဲဒီအချိန် ..ထော်လာဂျီ ပြန်မရောက်သေးလို့ ..နောက်မို့ ဆို..´´လို့ ပြောနေတုံး..

အုပ်ချုပ်ရေး မှူးက ရှူးရှူး ရှားရှား နဲ့  ...

``အဲဒိကောင်..အခုဘယ်ဖက်ကိုသွားသလဲ..သူက ရီစရာ အရူးမဟုတ်ဖူး..ကွ... ရူးတာက..မင်း..ကွာ ရီစရာကောင်း  တာက..မင်း..ကွ´´ လို့  အော်ဟစ်ပြီး..မော်တော် ဆိုင်ကယ် ကို ၀ူး..ခနဲ  စက်နှိုးပြီး..ခြံ ထဲက ထွက်သွားတယ်။

 ခြံပြင် ရောက် တော့ မှ..သူတပည့်  စွမ်းအားရှင် တွေကို မေးပြီး ရွှေ လေးသား လှည်းမောင်း ထွက်သွားတဲ့  ဖက် ကို လိုက် ပါ လေရောတဲ့ ..။ ရွှေ လေးသား လည်း နောက် ဖက်  ခပ်လှမ်းလှမ်းက မော်တော်ဆိုင်ကယ် သံ တဘုံးဘုံး ကို ကြားတော့ ၀က်သားအမိတွေ ပါတဲ့ လှည်းကို တောနက်ထဲ မောင်းသွင်းပြီး ခြုံ အကြီးကြီး တခုအောက်ကို.. ထိုးသွင်း ထား လိုက် ဖို့.. နေရာ ရှာ သတဲ့ ..။ တောကျွမ်းတဲ့  ရွှေလေးသားတောင် ခြုံ ကောင်းကောင်း တောကောင်းကောင်း တွေ့ ဖို့  တော့ ချွေးပျံ အောင် ရှာ လိုက် ရသေးသတဲ့.. ဘာလို့ ဆို..  တောတွေက အုပ်ချုပ်ရေးမှူး လက်ထက်မှာ မီးသွေး တွေ ဖြစ်ကုန်ကြ လို့  တောပြုန်းသလောက်ဖြစ်နေ လို့  တဲ့ လေ..။

ဒါပေမယ့်၊ ရွှေလေးသား ပဲ လေ.ဒီလောက်ကတော့ အပျော့ ပေါ့.။

စိတ်ချရ အောင်..ဖုံးဖိ ပြီးမှ ရွှေလေးသား ဟာ လမ်းနံ ဘေးကို ပြန် ထွက်လာပြီး..သေသေချာချာ ကျကျ နန ထိုင်..ခေါင်း ပေါ်မှာ ဆောင်းထား တဲ့  ရွှေလေးနယ်ထွက် ၀ါး ခမောက် ကလေးကို ချွတ်ပြီး သူ့ ရှေ့ မှာ ချ ထားလိုက်သတဲ့ ..။

ခဏကြာတော့ မော် တော်ဆိုင်ကယ် နဲ့  အုပ်ချုပ်ရေးမှူး ရောက် လာပြီး..လမ်းဘေးမှာ ထိုင်နေ တဲ့ ရွှေလေးသားကို မေးလိုက်သတဲ့ ..။

`` ဟေ့ လူ..ဒီအနား တောသား တယောက် ၀က်တအုပ်လှည်းပေါ် တင်မောင်းသွားတာ မတွေ့ လိုက်ဖူးလား ´´

ရွှေလေးသားက ခပ်အေးအေးပုံစံ နဲ့ ``မတွေ့လား..´´ လို့  ပြန်ဖြေ လိုက်တယ်..။ ဒါဟာ ရွှေလေးသား တွေ သုံးလေ့ ရှိတဲ့ အပြော တမျိုး လေ..။  ဟုတ်တယ်..ရှိတယ် ..လို့  ပြောချင်ရင်..မဟုတ်လား... မရှိလား ..လို့  ပြောတတ်ကြ သကိုး..။ အခုလည်း..ရွှေလေးသား က တွေ့တယ် လို့ ဆိုလိုတာပါ..။ဒါကို အုပ်ချုပ်ရေးမှူးက နားမလည် ဘူး.. ။ ဒီလူ..သူ့ ကို ဂရုမစိုက်..မထုံတက်တေး နဲ့  ဘာအချိုး ချိုးနေတာ လဲ လို့  ထင် လိုက်တယ်..။

ဒါ..ဟာ ရွှေ လေးသားတွေ ရဲ့  အာဏာ နီ နယ် မှာ (၁၆) နှစ် လုံးလုံး အသက်ရှင် နေထိုင် နိုင် တဲ့  နေနည်းဆိုတာကို အ၀ှမ်း(မြေပြန့် ) က အုပ်ချုပ်ရေးမှူး နားမလည် ဘူးတဲ့ ..။

ဒါကြောင့်..`` ဘာလဲကွ..မင်းက..ဘာပြောတာ လဲ..´´ လို့  ထပ်မေးသတဲ့ ။

`` ဟိုးဖက် သွားတယ် လေ..´´ လို့  ရွှေလေးသားက လက်ကို တနေရာရာ ဝှေ့ ယမ်းပြ လိုက်သတဲ့ ..။ ဒါနဲ့ အုပ်ချုပ်ရေး မှူး လဲ..အဲဒီဖက်ကို မော် တော် ဆိုင်ကယ် မောင်းပြီး ထွက်ခဲ့ တာပေါ့..။ ဒါပေမယ့် ရှေ့ မှာ ရွှေလေးချောင်း ကြီး ပိတ် လို့  ..။ တံတား လည်း မရှိ..။ ဟို ဖက် ကမ်းကို လှမ်းကြည့် တော့ လည်း.. လူလမ်း လှည်း လမ်း ..ဆိုလို့ ဘာမှ လှမ်းကြည့် လို့ မတွေ့ ဘူးတဲ့။ အုပ်ချုပ်ရေး မှူး လည်း ဒေါကန်ပြီး ပြန်လှည့် လာတယ်.. ။ရွှေ လေးသား ရဲ့  အနားကို ရောက်တော့..

`` ဟေ့ လူ..အဲဒီဖက် သွားတာ သေချာလား ´´ လို့  ထပ်မေးလိုက်သတဲ့ ။ ရွှေလေးသားကတော့ ခပ်တည်တည် နဲ့  ``မသေချာလား´´ လို့  ပြောလိုက်သတဲ့ ။

``လမ်းပိတ် နေပြီ ကွ..ချောင်းကြီး တားလို့ ..တံတားလည်းမရှိ..ချောင်းကူးလမ်း လည်း မတွေ့ ဘူး ..လို့ ပြောရင်း..အုပ်ချုပ်ရေးမှူး ကျွဲ မြီး တို စပြု လာတယ်...တဲ့ ။

ရွှေ လေးသားကတော့..`` မရှိလား...ကျုပ်တောင် အဲဒီဖက် ကမ်း က လာတာ လို့  ´´ ခပ်အေးအေး ဘဲ ပြန်ပြောသတဲ့ ..။

အုပ်ချုပ်ရေးမှူး. က..`` ဒါ ဆို..ငါ နဲ့  လိုက်ခဲ့ ..ကွာ  ဒီ လှည်းနဲ့ လူကို ငါ လိုက် ဖမ်းရမယ်..´´လို့ ခပ်တင်းတင်း ပြောလိုက်သတဲ့ ..။

``မလိုက် နိုင် သေး..ဘူး၊ ဒီမှာ ..စောင့် နေရ တာ ´´..လို့  ရွှေလေးသား ကပြန်ပြော လိုက်တယ်။

``ဘာ ..စောင့် နေတာလဲ´´

`` တောက် တဲ့ ..´´


'ဖွီ.. တောက်တဲ့.. တောက်တဲ့ က ဘာလုပ်ဖို့ တုန်း " လို့ အုပ်ချုပ်ရေးမှူးက မေးတော့ ရွှေလေးသားက  မသိရန် ကော ဆိုတဲ့  အကြည့်  နဲ့  ကြည့် ရင်း..``အံမာ..ဆယ့် ငါးကျပ်သား တကောင် ဆို..သိန်းသုံးဆယ် လောက် ရ တာဗျ´´ လို့  ပြော လိုက် တယ်..။

အုပ်ချုပ် ရေးမှူးက အံ့ သြ တကြီး နဲ့ ..

``နေပါဦး..တောက် တဲ့  ဆိုတာ..သစ်ပင် တို့ ၊ သစ်ခေါင်း..တို့ ၊ အိမ် ထရံ ကြား တို့ မှာ နေတာ မဟုတ်လား´´ လို့  မေး တော့..ရွှေ လေးသားက..

`` အင်းလေ..ဒါ့ ကြောင့်  ဒီ တွင်း ထဲ ၀င်သွားတဲ့ ကောင် ဟာ..ဒီအထဲ မှာကြာ ကြာ နေနိုင် မှာမဟုတ်ဘူး။ပြန် ထွက် လာမှာ မို့  ခမောက် နဲ့  အုပ်ပြီး စောင့်  နေတာ´´ လို့  ပြန် ပြော လိုက်သတဲ့ ..။

အုပ်ချုပ်ရေး မှူး လည်း ခဏ တော့ တွေ သွားတယ်..။ပြီး တော့ မှ မေးလိုက်တယ်..။

``မင်း..မော်တော် ဆိုင် ကယ် စီးတတ်သလား..´´ ဆိုတော့ ရွှေ လေးသားက ထုံးစံ တိုင်း``မတတ်လား´´ လို့  ပြန် ဖြေသတဲ့ ..။ သ ဘောက တော့ တတ် တယ် ပေါ့ ..လေ။

``ဒီ လို လုပ်ကွာ..မင့်  တောက်တဲ့  ကို ငါ စောင့် ပေးမယ်... မင်းကငါ့ မော် တော် ဆိုင်ကယ် စီးပြီး ၀က်တအုပ် ကိုလှည်းနဲ့ တင် ခေါ်သွား တဲ့  လူ ကို လိုက်ရှာကွာ..။မင်းလည်း..အဆင်ပြေ စေရမပေါ့ ..´´ လို့  အုပ်ချုပ်ရေးမှူးက ပြော လိုက်တယ်..။ရွှေ လေးသား က ခဏ စဉ်းစားပြီး ပြန်ပြောတယ်..။

``မဖြစ်ဖူးဗျ.. ဒီအကောင်လွတ်သွားရင်..သိန်းသုံးဆယ် လွတ်သွားမှာ..ခင်ဗျား ..လှည်းနဲ့ နွားနဲ့  ၀က်တွေက တွေ့ ရင်မှ ဆယ်သိန်း ဆယ့် ငါးသိန်းပေါ့  ဗျ .. မော် တော် ဆိုင်ကယ် ပါ ထဲ့  တွက် မှ အလွန်ဆုံး သိန်း(၂၀) ပေါ့  ..ပြီးတော့ ခင် ဗျား..မော် တော် ဆိုင် ကယ် ကြီး က ၀က်သောက်ကြီး..ဗျ´´

အဲဒီရွာက လူတွေက လိုင်စင်မဲ့  မော်တော် ဆိုင်ကယ် တွေကို ၀က်သောက် ဆိုင်ကယ် လို့  ခေါ် ကြတယ်..လေ။ အုပ်ချုပ် ရေးမှူး က..ခဏ တွေသွားပြီး..``မင်းက..တယ်.. အတွက်ကောင်း သကိုးကွ..။ကဲ..မင်းမယုံရင် ..ဒီမှာ..ငါ့ ဟန်းချိန်း ပါ ယူသွား..။ မင့်  တောက်တဲ့  လွတ်သွားရင်...မင့်  အလျော် ယူပေါ့  ..´´ လို့  ပြောလိုက်သတဲ့ ..။

ဒီတော့မှ ရွှေ လေးသားက မထချင် ထချင် နဲ့  ထလိုက်ပြီး.. ``ပေး..ခင် ဗျား..ဟန်းချိန်း..။ခင် ဗျား သေသေချာချာ တော့ စောင့်  ဗျ..။မတော်တဆ..ထွက်လာ ရင်..မရိုက် နဲ့ နော်..။တောက်တဲ့ က အသေ ဆို

မ၀ယ်ဘူး ..။ခင် ဗျား အရှင် မဖမ်း ရဲ ရင်..ခမောက်ကို ဘဲ သေသေချာ ချာ ဖိ ထား ´´ လို့  စိတ်မချ လက်မချ တဲ့  လေ နဲ့  ပြောလိုက်တယ်..တဲ့ ။

အဲဒါနဲ . အုပ်ချုပ်ရေးမှူး က ဆိုင်ကယ် ပေါ်က ဆင်းပြီး ခမောက် အနား မှာ သွားထိုင် ရတယ်..။ရွှေ လေးသား ကတော့ ဟန်းချိန်း ကို လက်မှာ ပတ်ပြီး..မော် တော် ဆိုင်ကယ် ရှိရာ ကို သွားရင်း..``ခင်ဗျား..ဆီ ဘယ်လောက် ထည့် ထား သလဲ ´´ လို့  မေးလိုက် သေးသတဲ့ ..။

``လေးပုလင်း ပါ..ကွာ´´ လို့  အုပ်ချုပ် ရေးမှူး က စိတ်မရှည် တဲ့  လေ နဲ့ ပြော လိုက်မှ ရွှေ လေးသားဟာဆိုင် ကယ် ပေါ် တက်ပြီး... မောင်းထွက် သွား သတဲ့ ..။

အုပ် ချုပ် ရေး မှူး လဲ...ခမောက် ရှေ့ မှာ ထိုင်ပြီး စောင့် တယ်...စောင့် တယ်..။တခါ တခါ..ဆို ..ငိုက်..ငိုက် တောင် လာရှာ သတဲ့ ။ မျက် လုံး ကို အတင်း ဖြဲ ပြီး ကြိတ် မှိတ် စောင့် ရတာ ပေါ့ ။ညနေ စောင်း လာ တော့ တောရိပ် တောင် ရိပ် နဲ့  မို့  မှောင်စ တောင်ပြု လာပြီ..။မော် တော် ဆိုင်ကယ် သံလည်း မကြားရ...။နွားလှည်း သံ လည်း မကြားရ..။ည ..အထိ စောင့် ရရင် တော့ မဖြစ်ဘူး ထင်တယ်.လို့ တွေးပြီး ခမောက် ကို...အသာလေး..ခပ်ဖွဖွ မကြည့်  လိုက် တော့

..လား..လား...ခမောက်အောက်မှာ တွင်း ဆိုလို့ .. ပရွက် ဆိတ်တွင်း လောက် တောင် မရှိဘူး တဲ့ ...ဘာ ..တောက် တဲ့  မှလည်း...အရိပ် အယောင် တောင်.. မမြင်ရ လို့  အုပ်ချုပ်ရေးမှူး ဟာ.. ခပ်ရှက်ရှက် နဲ့ ယဉ်ယဉ်ကျေးကျေး တချက်လောက်.. ကြိတ်ဆဲရင်း..

``အင်း...ငါ့ မိန်းမ ဆီက လှည်းတပ်ပြီး ၀က်သားအမိ တင်မောင်းသွား တဲ့  ကောင်ကလည်း...ဒိကောင်ဘဲဖြစ်မှာ ပါ´´ လို့  ရေ ရွတ်ရင်း...တံတွေးတချက် `ထွီ´ ခနဲ ထွေးကာ မမှောင်ခင် ရွာဆီကို ပြန် ခဲ့ တော့ သတဲ့ ..။

ရွှေ လေးသား ကတော့ နောက်တနေ့  လင်းလင်းချင်းချင်း မှာဘဲ လှည်းတစီးပေါ်မှာ ၀က်သောက် မော်တော် ဆိုင်ကယ် တစီးရယ်..၀က်သားတအုပ်ရယ်..တင်ပြီး ရွှေတွဲလွဲ ငွေတွဲ လွဲ နဲ့  ရွှေလေးနယ်က သူ့ အိမ် ဆီ ပြန်ရောက် လာ..တယ်။

`` အမေ ရေ...ကျနော် အမေနဲ့ ဘဲ တသက်လုံး နေတော့မယ်ဗျာ။  လောက မှာ အမေ့ ထက် သဒ္ဒါတရားထက်သန် တဲ့  လူတွေ ရှိသေး တယ် ဗျ.. ဒီမှာကြည့်  ..´´ လို့  ဆိုပြီး သူ့ မှာ ပါလာ တဲ့  ပစ္စည်းတွေကို ပြသတဲ့ ..။

 အမေ ကတော့ ပစ္စည်းတွေကို သိပ်အလေးမထား တဲ့  ပုံစံ နဲ့  တချက် လောက်ဘဲ ကြည့် ပြီးသူ့ သားငယ် ကို မေးလိုက် သတဲ့ ။

 ``ကဲ..ကဲ..မင်း..ထမင်းစား တော့မလား´´

ရွှေ လေးသား က...`` မစားလားဗျ´´ တဲ့ ။ ။

+++++++


Share/Bookmark

7 Comments:

mks said...

သိပ် မကြိုက်လား ...
သိပ် မကောင်းလား ...

Mirror said...

ဖတ်လို့ကောင်းတယ်။ လုပ်ပါဦး ဒါမျိုးနောက်တစ်ပုဒ်လောက်။ :)

မေသိမ့်သိမ့် ကျော် said...

ဖတ်လို့ မကောင်းလားးးး အဟဲ။ အလှူဒါနပြုကြသူငှာပေါ့လေ။ ရွှေလေးသားတို့ကတော့ ဦးနှောက်ပြေးပါ့။

ပန်းချီ said...

ကြည့်ပါဦး..အစ်မရယ်..ရွှေလေးသားက မလည်လား :D:D:D

Maung Myo said...

နည်းနည်းပါးပါး ပဲ..ကျန်ရှိ တော့ တဲ့..ရိုးသားမူ ရဲ့ အကြောင်း..............


အတွေးတွေ အများကြီးတွေးဖြစ်သွားတယ် မှန်သွားပြေးကြည့်လိုက်သေးတယ် ပြီးတော့ ဟုတ်တာပေါ့လို့ ထပ်တွေးဖြစ်သွားပြန်ကော ။ ဟူးး

အမော တွေအကြောင်း ပြောမနေချင်တော့ပါဘူးလေ။

နီဇူလိုင် said...

လှတောသား ပုံပြင် များ ကိုအားကျလို့ ထင်တယ်နော်း))

နီဇူလိုင် said...

မရေးလား) လက်မညောင်းလား)