ရွှေခြည်ငွေခြည်တန်းပါစေ


၂၀၁၂ တဲ့ ။ နှစ်သစ် တခု ဆီသို့ ကူးပြောင်း ခဲ့ပြီ။ 

 ဆိုတော့… အရင် နှစ်ဟောင်းက..အကြောင်းတွေ ကို .. အကောင်း က များများ .. အစောင်း လေး နည်းနည်း .. ဖောက်ပြီး ပြောပြ ရ မည် လား။ 

အို..ဒီတနှစ် တော့..မနှစ်က လို မဟုတ်ဘူး.. တခုခု တော့ ဖြစ်ကို ဖြစ်ရမယ်  လို့.. တယောက်ထည်း  ကြိတ်ပြီး အားတင်း မျှော်လင့် ရ မည်လား။

ပုထုဇဉ် တွေ ဆို တော့ ကာ၊  အကောင်း တွေ ကို သာ ထုပ်ဖော် ချင် ၍ .. အကောင်း တွေ ကို သာ ပဲ.. ထပ်မံ မျှော်လင့် တောင့်တ မိ ပါသည် မှာ  သဘာဝ ကျ သည် မဟုတ်လား…။


++++++


တကယ်ဆို.. ဇန်န၀ါရီ ပင် ကုန်ခါနီး နေပြီ။ နှစ်သစ်ကြို မဲ့ စာ က.. ရေးဖို့ စခန်းကို မရောက် နိုင် ရှာ။
ပထမ တပတ် လုံး ခရီး ထွက်နေ ခဲ့ သည်။ ဒုတိယ တပတ်လုံး မိသားစု ကိစ္စ တခု နဲ့ ရှုပ်နေခဲ့ သည်။ အင်တာနက် ဖေ့ဘွတ် ဆိုတာ တွေ နဲ့ ခပ်လှမ်းလှမ်း ဖြစ် နေ ခဲ့ ရင်း.. ပိုပြီး ငြိမ်းငြိမ်းချမ်းချမ်း လည်း ရှိ နေ ခဲ့ သည်။ တတိယ အပတ် မှာ မှာတော့.. အင်တာနက် ကြီး နား ကပ်လာ နိုင် ပြီ ။

အချိန်ကောင်း ပေ ပဲ..။ မင်္ဂလာ သတင်း များ နဲ့ တိုး ပြီး၊ လွတ်မြောက်လာတဲ့.. နိုင်ငံရေး အကျဉ်းသား တွေ  ရဲ့ ပုံတွေ..သတင်း တွေ.. မမောတန်း ထိုင်ကြည့် ရင်း အပျော်လွန် နေ ခဲ့ ပြန် သည်။ ဘာ မှ လည်း ရေး ချင် စိတ် မရှိ ။ ဘာ မှ လည်း ရေးစရာ မလို အောင်ကို … ဖတ်စရာ တွေကြည့်စရာ တွေ နဲ့ .. တခွင် တပြင် လုံး ပြည့် နေ သည် လေ ။

တခြား ကမ္ဘာအခြမ်း တွေ မှာ ဘာတွေ ဖြစ်နေ မှန်း မသိ နိုင် တော့ လောက် အောင်ကို.. မြန်မာ သတင်း တွေ ကြားထဲ ခေါင်းစိုက် ဒိုင်ဗင်ထိုး ပြီး တော့ ကို အမီ လိုက် ဖတ် နေ ရ တဲ့ အဖြစ်။ လက်ရှိ သတင်းထူး တွေ အပြင်..လွတ်သွားတဲ့ သတင်း တွေ ကလည်း အဆက်အစပ် တွေ နဲ့ မို့.. လွှတ်ထား ခဲ့ လို့ မဖြစ်။

မီးတွေ လောင်တယ်တဲ့။
ရွေးကောက်ပွဲ ၀င် ဖို့ မှတ်ပုံတင် လိုက် ပြီ တဲ့..။
သာကူး တွေ တဲ့။
ဘာပဲ ကူးကူး..ကူးတယ်ဆို ကောင်းတာပဲ တဲ့။
လွတ်ကုန်ပြီ တဲ့..။
ကြိုဆို ကြတာ သောင်းသောင်းဖြဖြ တဲ့။
ငြိမ်းချမ်းရေး ရတော့မယ် တဲ့။
စစ်ပြေး ဒုက္ခသည်တွေ တော့ ပိုပို များလာတယ်တဲ့။
တပတ်အတွင်း ဆင်းပေး ရ မ တဲ့။
အရိုးတွေ တွန်ကုန်ပြီ တဲ့။
ပြန်ကြ တော့မယ် တဲ့..။ အလည် ပြန်ပြီး အရင် ကြည့်လိုက် အုံးမယ် တဲ့။
သူတို့တောင် ခွင့်လွှတ်ရင်..ခင်ဗျားတို့လည်း ခွင့်လွှတ်ကြ ပါတဲ့။
ခွင့်မလွှတ်ဘူး တဲ့။
ခွင့် လား.. လွှတ်ရ မှာ ပေါ့ တဲ့။
လမ်းပေါ်က..သတင်းစာ တွေ မှာ.. အထူးအဆန်းပုံတွေ ချည်းပဲ တဲ့။
မယုံ ဘူး တဲ့။
မယုံကြည်လည်း ယုံကြည့် ရ မှာ ပဲ တဲ့။
မယုံ ယုံယုံ … ယုံယုံယုံ.. ယုံကြည်မူ တည်ဆောက် ရ မယ် တဲ့။



၂၀၁၂ အတွက်.. စိတ်ဝင်စားစရာ အကြောင်း တွေ က.. တာကျိုးသလို တလဟော စီးဆင်း လာ နေ သည်။ အပြောင်း အလဲ ဆို တာ တချို့ ကို လည်း..ဗလောင်းဗလဲ အနည်းအပါး နဲ့ အတူ မြင်လာ နေ ရ သည်။  သေချာတာကတော့.. အဓိက ဇာတ်လိုက် တွေ အကုန်လုံး လိုလို ဇာတ်စင် ပေါ် ပြန် တက် လာ ကြ သည်။ ဒါဆို ပွဲ ပြီး တော့ မယ် လား။ မီးကတော့ မသေ လောက် သေးပေ။
-
အိမ်အလုပ် ဆိုတာမျိုးက..ကိုယ်ရပ်လိုက် မှပဲ ပြီးတာ မျိုး ဆိုသလိုပင်၊ သတင်းတွေ အတင်းတွေ အဖျင်းတွေ အညင်းတွေ က လည်း..ကိုယ် မကြည့်ပဲ နေ မှပဲ.. ကုန် မှာ ဖြစ်နေလေ တော့ ၊ ကွန်ပြူတာ ပေါ်မှာ ပွင့်နေတဲ့  စာမျက်နှာတွေ ရောင်စုံ တွေ  ကို ပိတ် ပြစ် လိုက် ယုံ သာ။
-
ဘာပဲပြောပြော..အခု လို အခြေအနေ တွေ ကြားထဲ မှာ .. ၂၀၀၉ ခု နှစ် က..နှစ်ဦးကို ကြိုရင်း.. စိတ်ကူးယဉ် အဖြစ် ရေးခဲ့ ဖူး တဲ့.. ဆယ်လမွန်ငါးတို့ အပြန်  ဆိုတဲ့.. စာ ကလေး တပုဒ် ကို တော့.. ပြန် သတိ ရ နေ မိ သည်။ သုံးနှစ် တောင် ကြာခဲ့ ပြီ။ အဲဒီတုန်း ကတော့..တကယ့်ကို စိတ်ကူးယဉ် အဖြစ် ရေးခဲ့ မိ တာ ပါ ။ တကယ်လည်း  ဖြစ်လာနိုင် တာ ပဲ -  လို့တော့..မရဲ တရဲ ထင်ခဲ့ မိ သည် ပေါ့။

 ညနေ..သုံး နာရီလောက်မှာ..အစီအစဉ်တွေ ပြီးဆုံးသွားတော့ လက်ဖက်ရည် နဲ့ စမူဆာ စားသုံးရင်း..ခန်းမတခုလုံး..ပြန်လည် ကျွတ်ကျွတ်ညံ သွားတော့သည်။ နှုတ်ဆက်သံ.. ချီးမွမ်းသံ.. ရယ်မောသံ.. အားလုံးက..ရင်ထဲက..အသံတွေ.. လွတ်လပ်ပျော်ရွှင်မူ စစ်စစ်ရဲ့.. အသွင်သဏ္ဍန်တွေ.. လှုပ်ရှားမူတွေ။ ခန်းမ ထဲက.. တီဗွီ ကလည်း.. မြန်မာ့အသံက..တိုက်ရိုက်လွှင့်နေတဲ့.. သဘက်ခါ မှာ ကျင်းပမဲ့.. ဒေါ်အောင်ဆန်းစုကြည် ရဲ့.. Inauguration Day အတွက်..မြို့တော်ခန်းမရှေ့..ပြင်ဆင်ပုံတွေ..။ အကျဉ်းသားတွေ လွတ်မြောက်လာပုံတွေ.. ကိုမင်းကိုနိုင်တို့..ဦးဝင်းတင်တို့ရဲ့ နဲ့ တွေ့ဆုံမေးမြန်းခန်းတွေကို... ထပ်ကာ ထပ်ကာ ထုပ်လွှင့်နေသည်။

တချို့လည်း တနာရီ ကျော် မောင်းရမည့် ခရီး အတွက်..ပြန်တဲ့လူတွေ ပြန်ကြပြီ။ သူတို့ အုပ်စုတော့.. မေရာက.. ခုည..ရွာသားတွေ လုပ်မဲ့ မီးပုံပွဲ ကို.. ဆက်နေပါ..ညအိပ်ပါ.. ဆိုလို့.. ဒီည မပြန်တော့ဘူးလို့..ဆုံးဖြတ်လိုက်သည်။

-
ဒါဆို..အခု အဲဒီ စိတ်ကူးယဉ် ထဲ ကလို တကယ် ဖြစ် နေ ပြီ မို့ လား။ 
-
အဲဒီထဲ ကလို  ဒေါ်အောင်ဆန်းစုကြည် ရဲ့ သမ္မတကျမ်းကျိန်ပွဲ ရယ်လို့ ဖြစ်မလာသေး ပေ မဲ့.. ပုဝါ နှစ်စ အသာချ ပြီး သဇင်တွေ ဝေ နေ တဲ့.. သူမ ရဲ့ အပြုံးမျက်နှာ ကို ၊ အခမ်းအနားတွေ မှာ၊ ခမ်းခမ်း နားနား မြင်တွေ့ နေ ရ ပြီ။  နေ့စဉ် နေ့တိုင်း ကို စောင့်ကြည့်  နေ ကြ ရ ပြီ။

  ဦးဝင်းတင် နဲ့ မင်းကိုနိုင် ရဲ့ မိန့်ခွန်း တွေ ၊ အဖြေ စကား တွေ ကို  ထပ်ကာတလဲလဲ ကြားနာ ဖတ်ရှု နေ ရ ပြီ။  

 နိုင်ငံရေး အကျဉ်းသား တွေ လည်း အတော်များများ လွတ်မြောက်လာ ကြ ပြီ။ 

အဲဒီ စိတ်ကူးယဉ်  ထဲက.. သူငယ်ချင်း တချို့ပင် မြန်မာပြည် ကို ပြန်သွားကြ ပြီ။ တချို့ ပြန်ဖို့ ကြိုးစား နေ ကြ ပြီ။ 

တလောကဆို.. နေဘုန်းလတ် ရဲ့ ပင်လုံ စာဖတ်ခန်း ဖွင့်ပွဲ မှာ စကားပြော နေတဲ့ ပုံကလေး ကို မြင်ရ တော့.. ရင်ထဲမှာ လှိုက်ကနဲ ဖြစ်သွားရင်း ..စိတ်ကူးယဉ် ထဲ က.. အနာဂါတ်သုတရပ်ဝန်း ဆိုတဲ့.. စာကြည့်တိုက် ဖွင့်ပွဲ လေး ကို သတိရ သွား မိ သည်။
-
ဒါဆို.. အဲဒီ စိတ်ကူးယဉ်  ထဲ က.. ကျမ ကိုယ်တိုင် က ရော…။ 
စိတ်ကူးယဉ် တယ် ဆိုတာ ..မျှော်လင့်တာ။ မျှော်လင့်တယ် ဆိုတာ မျက်မှောက်ပြုတာ လို့ ပြောနိုင်ယုံ က လွဲ လို့.. ခုထိတော့ ကျမ မှာ အဖြေ မရှိသေးပါ။


တကယ်တော့..ကျမ တို့ မြန်မာပြည်သူ ပြည်သား တယောက်ခြင်း ရဲ့ လူမူဘ၀ တခု ခြင်း စီ နဲ့ ယက်ရှယ် ထား တဲ့.. မြန်မာပြည် ရဲ့ အနာဂါတ် ဟာ..စိတ်ကူးယဉ် အိပ်မက်တွေ ထဲ ကနေ.. လွန့်လူးစ ပြု လာ နေ ပြီ လို့.. တော့ ဖြင့်.. ယုံကြည် ချင် လွန်း လှ ပါ ပြီ။


အဲဒီလို ယုံကြည် နိုင်ဖို့ အတွက် လည်း.. ကျမ တို့ အားလုံး ရဲ့ လူမူ ဘ၀ တခု ခြင်း စီ ကို..ကျမ တို့ ရဲ့..အားထုတ် လုပ်ကိုင် မူ တွေ နဲ့ပဲ..ယက်ဖောက် ပုံဖော် ကြ ရ မှာ ပဲ မဟုတ်လား။


ဟိုသီချင်း လေး ထဲ ကလို ဆိုရင်ဖြင့် .... ရွှေခြည် ငွေခြည်  တန်း ပါလို့..ယက္ကန်းရွှေစင် ကန်းရွှေစင် တွေ.. တန်းစီ နေ ကြ မှ..ဖြစ်ပေမည်။  ကျမ တို့ ရဲ့ လက်ခတ်သံ တွေ လည်း၊  မြိုင် နေ ကြ ရ ပေမည်။ ငယ်ငယ်တုန်းက..အင်မတန် နှစ်သက် ခဲ့ တဲ့.. ဆရာကြီး ဦးသုခ ရဲ့ ရွှေခြည်ငွေခြည်တန်းပါလို့   ရုပ်ရှင် ထဲက ..  မလေးလက်ခတ်သံ  ဆိုတဲ့ သီချင်းလေး ကို .. ဒီနှစ် ဦး မှာ.. ပြန်ကောက် ရ ရင်း .. ခဏ ခဏ  ဆိုညည်း မိ နေ သည်။ အကယ်ဒမီ ရ တဲ့ အထိ ပြောင်မြောက် လှ တဲ့..ဒေါ်မေနွဲ့ ကြီး ... ခလေး သိပ် တဲ့ အခန်း လေး ကို ပြန်သတိရ တော့.. ဇာတ်လမ်း ထဲက.. ဘ၀ တွေ..ချစ်ခင်မူ တွေ..နှောင်တွယ်မူ တွေ..ရှုပ်ထွေး မူ တွေ…။


ဘယ်သူဘယ်သူ ၀င်ကာပါ့.... ချည်ခင်ထွေး
ဘယ်သူဘယ်သူ ၀င်ကာပါ့... ချည်ခင်ထွေး
ရှင်းနိုင်ပါ့ မရှင် ..   …. ရှင်းနိုင်ပါ့မရှင်း.. ..


သိပ်ကို အလင်္ကာ မြောက် တဲ့ စာသားလေး တွေ ပါပဲ။ 


စိတ်ကူး မျှော်လင့်ချက် တွေ နဲ့..လက်ခတ်သံ တွေ မြိုင်နေ တဲ့ ကြား ထဲ ကပဲ..   ဘ၀ တွေ ဆိုတာ.. တခါ တခါ.. ချည်ခင် တွေ ထွေး သ လို ရှုပ်ထွေး ပွေလီ အခက် ကြုံ ကြ ရ တတ် ပြန် သေး တာ လေ။ အဲဒီတော့ လည်း ကိုယ့်ချည်ခင် ကိုယ်ရှင်း ကြ ရ ။ ပြီးတော့ လည်း .. ပျော်ပျော်ပါးပါး ယက္ကန်း တွေ ဆက်ခတ် ကြ ပေါ့။ 

မျှော်လင့်ချက် တွေ.. ချစ်ခင် မြတ်နိုးမူ တွေ.. အခက်အခဲ နဲ့ ရုန်းကန် လှုပ်ရှား အားထုတ် ရ ခြင်း တွေ အားလုံး ကို ၊ လှလှပပ ပေါင်းစပ် ထား တဲ့.. အဲဒီ သီချင်း လေး ကို ထပ်ပြန်တလဲလဲ နားထောင် ရင်း.. ရှေ့ဆက် ရ မဲ့.. လူ့ဘ၀ ကြီး ကို ချစ်စဖွယ် ကောင်းစွာ တရား သံဝေဂ လည်း ရနေမိ တယ်။



အဲဒီလို ဆိုတော့ ၊  ဘ၀ တခု ခြင်း စီ နဲ့ ပေါင်းစပ်ထားတဲ့.. ဟောဒီ လူ့ အ၀န်းအ၀ိုင်း တိုင်းပြည် နိုင်ငံ ကြီး တခု အတွက် မှာ လည်း.. မျှော်လင့်ချက် တွေ… အားထုတ်မူတွေ .. အရှုပ် အထွေး တွေ နဲ့ ပြည့်နှက် ..ရောယှက်နေ  လိမ့် အုံး မယ် ဆို တာ လည်း .. အသေအချာ ပါပဲလေ။


ဒါပေမဲ့…သီချင်းလေး ရဲ့ အဖွင့်လို ... ဘုရား ငုတ်တို ရောင်တော် လွှတ် မှ….ပုံတော်ဆင် ၀တ်ကြ ပါစို့ ..မောင်ကြီးရေ.. တော့်... လို့ တော့.. ငေါ့တော့်တော့် လေး မဆို ချင် တော့ပါ။ 

ဘာပဲဖြစ်ဖြစ်လေ ... ဘ၀ တွေ အားလုံး နဲ့ အတူ.. ဒီနိုင်ငံကြီး လည်း ရွှေခြည် ငွေခြည်တွေ တန်းပါစေ  .. လို့.. နှစ်သစ် မှာ တော့..ဆုချွေ လိုက် ချင်ပါရဲ့။

--------

ကေ
၂၃ ဇန်န၀ါရီ ၂၀၁၂








ဆက်စပ်ဖတ်ရန်-
ဆယ်လမွန်ငါးတို့အပြန်

မှတ်ချက်- သီချင်း source အား ကျေးဇူးအထူးတင်ပါသည်။


Share/Bookmark

11 Comments:

နှောင်းအတိတ်ဂန္တ၀င် said...

အားရတယ် ကျေနပ်တယ်

ahphyulay said...

မမကေရေ..
သီချင်းလေးနဲ့  ပို့ (စ)လေးကောင်းတယ်ဗျိုး။
ကျွန်တော်ကတော့  ရွှေလို့ ခေါ်တဲ့ 
ရွှေပြည်တော်ကြီး မျှော်နေရင်းနဲ့ ဝေးနေခဲ့ 
ရတဲ့  ရွှေပြည်ကြီး မျှော်တိုင်းမဝေးတော့ ပဲ
မျှော်နေရင်းနဲ့  နီးလာသလို ခံစားမိတယ်..။
အဲ.. ထင်မိတယ်ဗျာ..။

ahphyulay said...

ကျေးဇူးတင်တယ် သီချင်းလေးတွေအတွက်..
မြန်မာသံပီပီ နားမထောင်ရတာကြာလို့  ။

Sonata Cantata said...

ပို့စ်ကိုရော... သီချင်းကိုရာ သဘောကျပါတယ်။ “ရွှေခြည်ငွေခြည်တန်း” ချိန်လည်း ရောက်သင့်ပါပြီ။ စကားမစပ် ... သီချင်းစာသားက “ရှင်းနိုင်ပါ့ မယ်ရှင်” ဖြစ်မယ်ထင်တယ်။ စိတ်ထဲကလည်း မရှင်းနိုင်မှာ တွေးပူမိရဲ့...။
-ဧရာ

mirror said...

အို... တိုင်ပင်မထားဘဲ တိုက်ဆိုင်လိုက်ပုံများ အစ်မရယ်။
ပြီးခဲ့တဲ့တစ်ပတ်ကပဲ နန့်ယန်းပေါ်လီမှာ အဲ့ဒီမြန်မာကျောင်းသူ၊သားတွေ အငြိမ့်ကတာသွားကြည့်ဖြစ်သေးတော့ အဲ့ဒီမှာ မြန်မာကျောင်းသူလေးတစ်ယောက်က " မလေးလက်ခတ်သံ " သီချင်းနဲ့ ကသွားတာ။ မှီသလောက်လေးတောင် movie လေး ရိုက်ယူထားဖြစ်သေးတယ်။ ပြီးတော့ ပွဲပြီးလို့ပြန်လာထဲက မလေးလက်ခတ်သံနေလိုက်တာ ခုထိပဲ။ :)


ဒါနဲ့လွန်ခဲ့တဲ့သုံးနှစ်တုန်းက စိတ်ကူးထားတဲ့ စာကြည့်တိုက်လေးက ဘယ်သူတို့ဆီမှာ သွားဖွင့်ကြတာလဲဟင်။ :D

Sonata Cantata said...

"ရှင်းနိုင်ပါ့မရှင်" ပါ...
ဟိုအပေါ်က ကိုဧရာကို လာငြင်းတာ ကေ...

ကိုယ်ပါလို့ ရတဲ့နေရာလေးက ၀င်ပါတာပါ..း)

Sonata Cantata said...

"ရှင်းနိုင်ပါ့မရှင်" ပါ...
ဟိုအပေါ်က ကိုဧရာကို လာငြင်းတာ ကေ...

ကိုယ်ပါလို့ ရတဲ့နေရာလေးက ၀င်ပါတာပါ..း)

mks said...

မကေ .. စိတ်ကူး ထားတာတွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာနေတယ် ... နောက် ဆက်လာမှာတွေ လည်း တူနေပါစေ

mysterysnow said...

မမလိုပဲ

စာတွေထိုင်ဖတ်ရင်း အချိန်တွေကုန်ပြီး
ဘာစာမှမရေးဖြစ်ဘူး...
ခုတော့ အဖော်ရပြီ။

သီချင်းတွေအတွက် ကျေးဇူးနော်မမ။

နှင်း

Mi Tay 4 said...

ညီမလေး ကေ သည်ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။ မလေးလက်ခတ်သံ သီချင်းလေးကို ပိုပြီး နားလည်ခံစားလာရလို့ပါ။
ပို့စ် နဲ့ သီချင်းလေးကို ၂ ခါလောက်တွဲ ပြီး ဖတ် နားထောင်ရတဲ့ အခါ ကွန်မန့် ပေးချင်စိတ် ပေါက်လာတယ်။
ရက်ကန်း ကြိုးစားပမ်းစား ခတ်နေရှာတဲ့ မိန်းကလေးကိုလည်း ကိုယ်ချင်းစာလာတယ်။
သူ့ခမျာ သူချစ်တဲ့ သူ(ပြည်သူတွေ) နဲ့ လိုက်မဲ့ အဆင်ကို ကြိုးစားရက်နေရှာတယ်။
ဒါပေမဲ့ ချည်ခင်တွေက ရှုပ်ထွေးလွန်းလို့ သူ့ကို ဘယ်သူကူရှင်းပါ့မလဲလို့ (သူ့ကိုဝန်းရံမဲ့) အင်အားတွေကိုလည်း လိုချင်နေတယ်။ ထီးတော်မရှိပေမဲ့ စစ်မှန်တဲ့ ဓါတ်တော်မွေတော်တွေ ကိန်းဝပ်နေရင် ဘုရားငုတ်တို ဆီကလည်း ရောင်တော်လွှတ်မှာပဲ.. အဲသည် အချိန်မှာတော့ သူရက်ထားတဲ့ အဆင်နဲ့ ပုဆိုးလေးကို သူချစ်တဲ့သူ ၀တ်နိုင်မှာပါ လို့လည်း မျှော်လင့်ချက် ယုံကြည်ချက် အပြည့်ထားလိုက်သေးတယ်။
ဘာပဲဖြစ်ဖြစ် မလေးကတော့ ရက်ကန်းကို ကြိုးစားရက်နေပါတယ်.... သူ့လက်ခံသံကို သောင်းတိုင် (စတြာဝဠာ တသောင်း) ကတိုင်အောင် ကြားနေရပါတယ်........လို့ နားလည်ခံစားမိပါကြောင်း။

sapai said...

ကေေ၇
သီချင်းလေးနားထောင်ချင်လို့ ဘလော့ထဲဝင်ဖတ်တာ
မမတို့ရဲ့ အင်တာနှေးရပ်ဝန်းက သီချင်းသံ (စကားလုံး၆လုံးစာလောက်) နားထောင်လိုက် ရပ်သွားလိုက်မို့ နောက်ဆုံးတော့ လက်မြှောက်လိုက်ပါတယ် အင်တာမြန်စိတ်ကူးယဉ်၁ပုဒ်လောက်လုပ်ပါဦး
(အဓိဌာန်ပုတီးစိပ် ဘုရားရှိခိုးရင် ဒီထက်တောင် မြန်မ်ြန်ဆန်ဆန်ဖြစ်လာမှာ:)))