ဦးဝင်းတင် သို့ -- မြင်းထိန်းတယောက်

ပန်းချီ-  မိတေဖိုး


လူ့ငရဲကနေ ရှင်ပြန်ထမြောက်လာခဲ့တဲ့ ဦးဝင်းတင်ကို သူ့ရဲ့လူ့ငရဲအတွေ့အကြုံစာအုပ်ကတဆင့် ပို၍ ရင်းနှီးရသည်။ ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း - ရေဒီယိုအစီအစဉ်ကတဆင့် ပို၍ သိရှိ နားလည်ရသည်။ ရှင်းလင်းပြတ်သားတဲ့ မီဒီယာအမေးအဖြေတွေကတဆင့် ပို၍ လေးစားရသည်။ ဒီလှိုင်း အာဘော်တွေကတဆင့် ပို၍ပြုံးထေ့ သဘောကျရသည်။ 

ပို၍ လို့ ၀ိဂြိုဟ်ပြုရသည်က၊ ဦးဝင်းတင်ဆိုတဲ့ နာမယ်ကို မနေ့တနေ့ကမှ … ဒီမိုကရေစီမိုးလင်းကာနီးမှ သိဖူးကြားဖူးခြင်း မဟုတ်နေလို့ပါ။ လူ့ငရဲထဲမှာ သူဆီပူထိုးခံနေခဲ့ရတဲ့ ဆယ့်ကိုးနှစ်တာကာလ တလျှောက်လုံးမှာကတည်းက ရင်းနှီးသိရှိလေးစားနေခဲ့ကြတဲ့ မျိုးဆက်တွေထဲက တယောက်မို့ပါ။ 

ဟိုး…၁၈၈၉၀န်းကျင်ကာလတွေဆီက ဘဘဦးဝင်းတင် လူ့ငရဲထဲကိုရောက်သွားရတဲ့ အမူတွဲစွပ်စွဲပုဒ်မ လုပ်ကြံဇာတ်တပုဒ်ပါတဲ့ ကြေးမုံသတင်းစာဖြတ်ပိုင်းသတင်းလေးကစလို့၊ ကြိုကြားကြိုကြား ထွက်လာတဲ့ ထောင်တွင်းသတင်း နားစွန်နားဖျားလေးတွေနဲ့ ၊ သံတိုင်ကိုဆုပ်ကိုင်ထားတဲ့ ဘာမထီ အပြုံးပုံရိပ်တခုရဲ့ နောက်က၊ ပလက်စတစ်အပိုင်းအစ အထပ်ထပ်တည်း နှောင်ထားတဲ့ ထောင်တွင်း စာကြည့်မျက်မှန်ကိုင်းအကျိုးလေးတွေကို ကြည့်ပြီး အံတကြိတ်ကြိတ် မျက်ရည်ဝဲခဲ့ဖူးလို့ပါ။

ဘဘကို သူ့ရဲ့ဧည့်ခန်းငယ်လေးထဲမှာ လူကိုယ်တိုင်တွေ့ခွင့် စကားပြောခွင့်ရဖူးလိုက်တဲ့နောက်တော့၊ ပို၍ဆိုတဲ့ပထမ၀ိဂြိုဟ်ရဲ့နောက်မှာ နောက်ထပ် “ပို၍” တလုံး ထပ်တိုးမိတော့သည်။

တိုက်ပုံတွေတောင့်နေအောင်ဝတ်ပြီး ဆံပင်တွေ ပိနေအောင်ဖီးထားတဲ့ ပုံမှန်မြင်နေကျ အမျိုးသားကြီးတွေနဲ့တူချင်ပုံမရတဲ့၊ တူလည်းမတူတဲ့ အသက်၈၀ကျော်ဒေါင်ဒေါင်မြည် အဘိုးကြီးတယောက်က၊ လက်ရှိနိုင်ငံရေးကိစ္စတွေကို အားရပါးရ မနားတမ်းပြောပြနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သက်တော်ရှည်နာယကကြီးက၊ အဖွဲ့ချုပ်ရဲ့ ချက်ချာတာတွေရော၊ ပြဿနာတွေကိုရော လက်ကာမထားပဲ ခပ်ရှင်းရှင်း ပြောသည်။ တကယ့်တကယ် သိချင်၊ စိတ်ဝင်စားနေမိတာက ဆယ်စုနှစ်တချို့ နောက်ပြန်ရစ်ထားတဲ့ စာရေးဆရာ၊ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့စာအုပ်တွေအကြောင်း။ စာပေတွေအကြောင်း။ အနုပညာခံစားမှုတွေအကြောင်း။ မဖတ်ဖူးခဲ့ပေ။ မမြည်စမ်းဖူးခဲ့လေ..။

ဘဘစာအုပ်တွေ ပြန်ထုတ်ခွင့်ရတာ သိပ်ဝမ်းသာတာပဲ … လို့ စကားစတော့မှ၊ ဘဘက အိမ်မကြီးဆီက ကလေးငယ်တယောက်ကို လှမ်းခေါ်ပြီး စာအုပ်တွေယူလာခိုင်းလိုက်သည်။ တအုပ်ချင်းစီကို လက်မှတ်ထိုးပေးနေတဲ့ ဘဘကိုကြည့်ရင်း… စိတ်လှုပ်ရှား ပျော်ရွှင်နေမိသည်။ “ဘဘကလောင်ကတော့ ခုထိကိုထက်နေတာပဲ”… လို့ပြောတော့၊ ဘဘက ခေါင်းကိုအသာရမ်းရင်း “ကွာတော့ကွာသွားပြီဗျ.. ခုဆို တပုဒ်တပုဒ်ရေးဖို့ တရက်ကနေ ၂ရက် ကူးတယ်.. အရင်ကဆို၁၅မိနစ်လောက်နဲ့စာတပုဒ်ဖြစ်တာ” တဲ့လေ ။ အေးလေ.. အဲ့ဒါကြောင့်ပဲ ဟံသာဝတီဦးဝင်းတင်ဆိုတာ ဖြစ်ခဲ့တာပေါ့။

အဲဒီလိုနဲ့ ဘဘဦးဝင်းတင်ရဲ့စာအုပ်တွေကို တအုပ်ခြင်းစဖတ်လေပြီ။ ဟိုရိုရှီးမား(လူ့ငရဲ)၊ ဥတ္တရအလင်း( ဘာသာပြန်) ခရီးသွားစာပေ .. နိုင်ငံရေးဒဏ္ဍာရီ… စာတရွက်ခြင်းစီတိုင်း… စာတအုပ်ခြင်းစီတိုင်းမှာ ဟံသာဝတီဦးဝင်းတင်ကို မြင်ရသည်။ အထူးသဖြင့် အတွေးအမြင်စာစဉ်များကို စုစည်းထားသော နိုင်ငံရေးဒဏ္ဍာရီသည် ခေါင်းစဉ်ပုံသဏ္ဌန်နဲ့ လိုက်အောင်ပင် အနှစ်၆၀စာလောက် စုစည်းဖွဲ့တည်လာတဲ့ နိုင်ငံရေးအယူအဆ၊ အတွေးအမြင်ဗဟုသုတတွေမို့ မလိုင်တက်ပြီး ပြစ်နှစ်နေတဲ့ နို့တခွက်လို တငုံခြင်းဖတ်ပြီး တစိမ့်စိမ့်တွေးယူ ဆင်ခြင်နိုင်မှသာ။

ကျွန်တော်ဟာ အဲဒီလိုဆောင်းပါးတွေကို ပြန်ဖတ်ရင်း နှစ်ပေါင်းသုံးလေးငါးဆယ်က ကိုယ်ရေးခဲ့တဲ့ ဆောင်းပါးတွေလို့မထင်၊ ဒီနေ့ဒီအချိန်မှာရေးခဲ့တဲ့ဆောင်းပါးတွေလို့ ထင်နေမိပါတယ် .. လို့ အမှာစာမှာ ဖတ်ရသည်။

တကယ်ကိုပဲ ၁၉၈၈မတိုင်ခင် နှစ်များက ရေးခဲ့တဲ့ ဆောင်းပါးတွေက၊ အခုလက်ရှိ အချိန်မှာရေးထားသလို
ဖြစ်နေတာဟာ.. ဆောင်းပါးရေးသူရဲ့အသိအမြင်တွေက ရှေ့ကို ကြိုရောက်နေခဲ့လို့လား.. မြန်မာပြည်သူ လူထုရဲ့ လူမူရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေကိုက ရှေ့ကိုမတိုးလာလို့လား။

၁၉၉၆ နောက်ပိုင်းမှာမှ ဗမာစာဖတ်သူတွေကြားထဲ ရေပန်းစားလာတဲ့ အနာဂတ္တိဆရာတော်ဖလာကို ဦးဝင်းတင်က ၁၉၈၆ခုနှစ်ကတည်းက မိတ်ဆက်ပေးထားပြီး ဖြစ်နေသည်။

“အကျော်အမော်­”လို “ဖြစ်ရပ်ယောင်” လို ဆောင်းပါးမျိုးနဲ့၊ ယနေ့ခေတ် အင်တာနက် ဖေ့စ်ဘွတ်ခ် အဖျားရောဂါမျိုးတွေကို မှန်းဆထားပြီး ဖြစ်နေသည်။

“ ပဉ္စမမဏ္ဍိုင်လို ”ဆောင်းပါးမျိုးနဲ့ ၂၁ရာစုမီဒီယာပုံစံသစ်ကို တွေးကြည့်ထားပြီးဖြစ်သည်။        "အသံထွက်စာပေ ” ဆိုပြီး Audio book အကြောင်းကို မြန်မာမှုပြုပြီး ဖြစ်သည်။̔ ကမ္ဘာကျော် အာခိလိ ဖနောင့်ဗျူဟာတိုက်ကွက်ကြီးကို နမူနာထားလို့၊ မျက်မြင်အသိ၊ အတွေးတွေနဲ့မူပိုင်ပြုလိုက်တဲ့ “ဂဏန်းမျက်စိ ” ဆောင်းပါးက၊ ၁၉၈၈ အရေးတော်ပုံကြီးအတွက် သမိုင်းဝင်တွန်းအားတခု ဖြစ်ခဲ့သည်။

“အမွဲဘုံမှထွက်ရပ်လမ်း”တို့ “၀င်ငွေနဲ့စရိတ်”တို့က အခြေခံလူတန်းစား အမွဲဘုံသားတွေအတွက် စာနာအဖြေရှာဖို့ဖြစ်သည်။ “ဘုံစနစ်ဖြင့်စိုးမိုးခြင်း” ဆိုပြီးတော့လည်း နိဗ္ဗန်ဘုံသားအရင်းရှင်တွေရဲ့ စနစ်တကျသိမ်းသွင်းတတ်ခြင်း အကြောင်းကိုထောက်ပြခဲ့သည်။ အစုရှယ်ယာများ ထုတ်ရောင်း၍ အများပိုင်ကုမ္ဗဏီများပြုလုပ်ခြင်း သဘောကို၊ ကိုယ်တိုင်ပင် အခုမှအမြင်သစ်တခုဖြင့် စတင် ကြည့်မြင်မိရသည်။ လူမျိုးတစုခြင်းဆီမှာ လူမျိုးစရိုက်( stereotype) ရဲ့ အကျိုးအပြစ်တွေရှိတယ် လို့ လက်ခံထားတဲ့ သူတယောက်အနေနဲ့… “ငပျင်းမျိုးဒဏ္ဍာရီ” ဆောင်းပါးကြောင့် အတွေးအယူတွေကို နေရာတကျ ပြန်စီရပြန်သည်။

ဘုံစနစ်သဘာဝကို သက်ဝင်လေးနက်ပုံရတဲ့ ဘဘဦးဝင်းတင်ဟာ.. ဘုံဆိုတဲ့ စကားလုံးကို သူ့ရဲ့စာတော်တော်များများမှာ သုံးတတ်သလို၊ စကားပြောတဲ့အခါမှာလည်း မကြာခဏထဲ့ပြောလေ့ ရှိတာကို သတိထားမိသည်။

နိုင်ငံရေးဒဏ္ဍာရီပေါင်းချုပ်ကြီး ဖတ်ပြီးသွားလို့၊ သုတမုတ ခရီးသွား မှတ်တမ်းရှည်ကြီးဖြစ်တဲ့ “ကမ္ဘာနီတွင်တဒင်္ဂ” ကို ဖတ်လိုက်ရတော့မှ ၊ ဘဘဦးဝင်းတင်တယောက် ဘယ်လောက်တောင် ဘုံစနစ်ကို နှစ်ခြိုက်အားကျခဲ့မှန်း သိရတော့သည်။ ဆိုရှယ်လစ်နိုင်ငံတွေဖြစ်တဲ့… ဆိုဗီယက် နဲ့ အရှေ့ ဥရောပကို လေ့လာရေးခရီး လည်ပတ်ခဲ့တဲ့ အတွေ့အကြုံ အမြင်အထင်တွေက ၊ အဲဒီခေတ်အချိန်ကာလ အားဖြင့် ၊ နှစ်ထောင်းအားရ .. အားကျအတုယူဘွယ် ဖြစ်ကောင်းဖြစ်ခဲ့ပေမဲ့ ၊ မအောင်မမြင် တ၀က်တပျက် ဆိုရှယ်လစ်စနစ်ကြီးထဲမှာ တ၀က်တပျက်လူဖြစ်လာခဲ့တဲ့ မျိုးဆက်တယောက် မှာတော့ ၊ ဇာတ်သိမ်းခန်း ကို သိနေတဲ့ ၀တ္တုကြီးတပုဒ်ကို ဖတ်ရသလိုဖြစ်နေလေသည်။ ဘာပဲပြောပြော သင်ခန်းစာတွေ … တွေးချင်စရာတွေ အများအပြားနဲ့ အကျိုးများလှတဲ့ စာတအုပ် ဖြစ်လျက်ပင်။

ခေတ်စနစ်တွေဆိုတာကလည်း ဘုရားဟောတဲ့ သစ္စာတရားတော်တွေမှ မဟုတ်လေပဲ။ လူတွေကပဲ ဖန်တီးကြံဆကြ။ လူတွေကြောင့်ပဲ အားနည်းပျက်စီးပြန်ရ။ သံကို သံဖျက် သံချေးတက်တယ် လို့ ဆိုရိုးရှိတယ် မဟုတ်လေလား။ ကမ္ဘာ့စီးပွားရေးသမိုင်းမှာ သင်ခန်းစာ အသစ်တက်ပေးသွားတဲ့ … ဂရိ စီးပွားပျက်ကပ်နဲ့ ပတ်သတ်တဲ့ လူမူသရုပ်ဖော်မှတ်တမ်းတီဗွီအစီအစဉ်တခု မှာ - “ ကျနော်တို့ကို ပျင်းလို့ ဖျင်းလို့လို့ ထင်နေကြတယ် .. တကယ်က လူတစု ရဲ့ အကျင့်ပျက် ခြစားမူတွေ ကြောင့်ပါ… တကယ်ဆို ကျနော်တို့နိုင်ငံဟာ ကမ္ဘာမှာ ဒီမိုကရေစီ စနစ်ကို စထွင်ခဲ့တဲ့ နိုင်ငံကြီးပါဗျာ .. ခုတော့ ပြောရမှာတောင် ရှက်ပါရဲ့ …ကျနော်တော့ အာဏာရှင် စနစ်ကိုသာ တောင့်တမိတော့တာပဲ..” လို့ ဂရိနိုင်ငံသား လူရွယ်တယောက်က မချိတင်ကဲ မျက်ရည်ရွဲ အံခဲ ပြောနတာမြင်ရတော့ … ငပျင်းမျိုး ဒဏ္ဍာရီတပုဒ် ဖြစ်ပြန်ပေါ့လို့ တွေးမိရင်း လူက အရေးကြီးသလား၊ မူက အရေးကြီးသလား ကိုယ်တိုင်လည်း မသဲကွဲတော့ချေ။

သံကန့်လန့်ကာကြီးတွေ၊ သံမဏိစည်းမျဉ်းတွေနဲ့ တည်ဆောက်ထားခဲ့တဲ့ ကမ္ဘာနီကြီးမှာလည်း ခုဆို လူတွေရော၊ မူတွေရော ကွဲပြားခြားနားခဲ့ပြီဆိုတော့… ဘဘဦးဝင်းတင်အနေနဲ့ လက်ရှိအမြင်မှာ ဘယ်လို သုံးသပ်လိမ့်မလဲ ဆိုတာကိုလည်း သိချင်နေမိသည်။ တကယ်တော့လည်း ဘဘဦးဝင်းတင်ဟာ အဲဒီစာအုပ်ကို ပုဂ္ဂလခံယူချက်သက်သက်ထက် သတင်းသမားအမြင်နဲ့ ရေးသားတင်ပြထားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သူဟာ သူ့ရဲ့ဘာသာပြန် ဇာတ်ကောင်တွေဖြစ်တဲ့ “ကွိ” လို၊ ဥတ္တရ အလင်းထဲက “ ဟင်နရီပေ့ခ်ျ” လို .. ယုံကြည်ရပ်တည်ချက်နဲ့အလုပ် ထပ်တူကျတဲ့ သတင်းသမားမျိုးတယောက် ဆိုတာကိုလည်း အခု အသက်၈၀ ကျော်ချိန်မှာ သက်သေထူ မှတ်ကျောက်တင်ခဲ့ပြီးပြီပဲ။ အခုခေတ် သတင်းဂျာနယ်တွေ ပလူပျံနေတဲ့အထဲက ပလူမွေးပလူတောင် သတင်းတွေကိုမြင်တိုင်း “ဥတ္တရအလင်း” သတင်းစာရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ခဲ့ပုံက ခေါင်းထဲရောက်ရောက်လာတတ်သည်။

နာမယ်ကျော် “ကွိ” စာအုပ်ကိုလည်း ဘယ်လောက် အားကြိုးမာန်တက် ဘာသာပြန်ခဲ့သလဲ ဆိုတာကို ၊ ၁၉၇၅ ခုနှစ် ပထမအကြိမ်ထုတ် “ကွိ” စာအုပ်အဟောင်းမူလေးအတိုင်း ဖတ်မိရတော့မှ ပို၍ပေါ်လွင် လှသည်။ သာမာန်ဘာသာပြန်သွားယုံနဲ့ မလုံလောက်ဘဲ ၊ သီးခြားအနက်အဓိပ္ဗါယ်ဆောင်တဲ့ စကားလုံး ဝေါဟာရတွေ အများကြီးကို တလုံးခြင်းကောက်ပြီး အောက်ခြေမှတ်စုတွေ ထုတ်ပြီး စိတ်ရှည်လက်ရှည် ရှင်းလင်းခဲ့နိုင်ဖို့၊ ဘယ်လောက်တောင် အားထုတ်ခဲ့ရမလဲ။ အခုခေတ်လို ကွန်ပြူတာရှေ့ထိုင်၊ အင်တာနက်ချိတ်ပြီး၊ ဂူးဂဲလ်လုပ်ကြည့်လို့ တန်းစီပြီးထွက်လာတဲ့ ခေတ်မျိုးမဟုတ်…။ ၀ီကီတချက်ခေါက်ကြည့်လို့ အကြောင်းအရာတခုကို ခြုံငုံကြည့်နိုင်တဲ့ အခြေအနေမျိုးမဟုတ်။

ပြောတော့… ဘဘဦးဝင်းတင်ရဲ့ စာအသွားအလာ အရေးအသားတွေက ၊ ဘာသာပြန်ယုံသက်သက် မဟုတ်။ သတင်းတင်ပြပုံ သက်သက်မဟုတ်။ ကိုယ်ပိုင်ဟန်ပါသည်။ အနုပညာမာန် မာသည်။ ရသဆန်ဆန် ထယ်ဝါသည်။ ကာရံနဘေ ထပ်တတ်ပုံက ကဗျာတပုဒ်ထက် မလျော့။ ဝေါဟာရကြွယ်ဝပုံက အဘိဓါန် တအုပ်ထက် မပေါ့။ စကားလုံးအသစ်ထွင်ပုံက သူများတကာလို မဆတ်ဆော့။ အင်္ဂလိပ်စာလုံးတလုံးကို မြန်မာလို လှပဆန်းသစ်နေအောင် ဖလှယ်သုံးတတ်သလို ၊ သာမန် မြန်မာစာပုဒ်တခုကို ခန့်ထည်တဲ့ ပါဠိပုဒ်တခုနဲ့ ဂုဏ်တင်ပေးတတ်သည်။ အလင်္ကာမြောက်အောင် တင်စားတတ်ပုံကလည်း “မေတ္တာသုတ်တပုဒ်လုံး ပုဒ်မပါကျုံးပြီး စေတနာပိုသည်” ဆိုတဲ့ အရေးမျိုး ။

မကြာခင်လတွေထဲမှာပဲ “အလှရှာတော်ပုံ” ပြန်ထွက်လာခဲ့ပြန်သည်။ ပြီးတဲ့အခေါက် ဘဘဆီ ရောက်ခဲ့စဉ်က စာအုပ်တွေပေးရင်း၊ “ကျနော် ပန်းချီကားတွေအကြောင်း ရေးထားတဲ့ စာအုပ်တအုပ်လည်း ပြန်ထွက်ဖို့ရှိသေးတယ် ” လို့ ပြောတော့၊ “ သိတယ်ဘဘ.. အလှရှာပုံတော် မဟုတ်လား ” လို့ အမောတကော ငါသိ၊ ငါတတ်လုပ်ပြီး ပြန်ပြောခဲ့မိတာကို ၊ အခုတွေးရင်း ရှက်မိသည်။ စာအုပ်ဆိုင်ကနေ ၀ယ်ချလာပြီး လက်ထဲရောက်လာတော့မှ - စာအုပ်ခေါင်းစဉ်က “အလှရှာပုံတော်” မဟုတ်။  “ အလှရှာတော်ပုံ ”။

----- စင်စစ် မျက်မှောက်ကာလတွင် ၊ ကျွန်တော်တို့ ရှာဖွေရမည့် အလှသစ္စာသည် အပူလုံးကြွ ယူကျုံးမရဖြင့် ငိုကြီးချက်မ ဖြစ်ရမည့်လင်ပျောက် မဟုတ်ပါ။ ပြည်သူတို့ဘက်မှ ရပ်တည်ဆင်နွှဲရမည့် တိုက်ပွဲ ဖြစ်ပါသည်။ အရေးတော်ပုံ ဖြစ်ပါသည်။ ထို့ကြောင့် “ရှာပုံတော်” မဟုတ်ပါ။ အရေးတော် သဘောနွယ်သော “ ရှာတော်ပုံ” ဖြစ်ပါသည်။ ………….  လို့ - အနုပညာသည် ပြည်သူအတွက်ဆိုတဲ့ မူကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခဲ့တဲ့ ဘဘဦးဝင်းတင်ရဲ့ ပန်းချီအနုပညာရသ ခံစားမူစာတမ်းတစောင်။

အနောက်တိုင်းလက်ရာ ၊ အရှေ့တိုင်းလက်ရာ ၊ အရှေ့အနောက် ပေါင်းဆုံလက်ရာ၊ ဘာသာရေး အနုပညာ စသည်ဖြင့် ဒေါင့်စုံနေရာစုံသလို ၊ ရှေးပဝေဏီ ခေတ် ၊ ညဏ်သစ်ပွင့်ချိန်ခေတ် ၊ အမျိုးသားခေတ်၊ ခေတ်ပေါ် - ဆိုပြီး အချိန်ကာလ အဖုံဖုံကိုလည်း လွှမ်းခြုံ ကြည့်ထားသည်။ ဒီနေရာမှာ ဦးဝင်းတင်ရဲ့ စကားလုံး တီထွင် ရွေးချယ်အသုံးပြုပုံကို နမူနာ ကြည့်ဦးတော့။ Renaissance ကို ညဏ်သစ်ပွင့်ချိန် တဲ့။ လူပြိန်းပြော ရောခေါ်နေကြတဲ့ မော်ဒန်ခေတ်ပေါ် အနုပညာဆိုတာတွေကို လှလှပပ ခေါင်းစဉ် တပ်လိုက်ပုံက  “ အစဉ်အလာမှ ခွဲခွာခြင်း” တဲ့လေ။ ပညာရပ်ဆိုင်ရာ အခြေခံသဘောတရားတွေနဲ့ ပန်းချီ ပန်းပု တခုခြင်းစီကို ခွဲခြမ်းစိတ်ဖြာမှတ်ချက်ပြုထားချက်တွေက တန်ဖိုးရှိလှသည်။ သူ့ခေတ်သူ့အခါက ပန်းချီပြပွဲတွေတိုင်းကို မပျက်မကွက် စေ့စေ့စပ်စပ် ခံစားရေးမှတ်ထားတဲ့ လေ့လာသုံးသပ်ချက်တွေက လည်း အကျိုးများလှသည်။ သတင်းစာဆရာကြီးတယောက်ရဲ့ အနုပညာကိုယ်ခံအားက၊ အံ့သြစရာ  ကောင်းလောက်အောင် ထောင်မောင်း သန်စွမ်းလှသည်။

အဲဒီလို ဆိုတော့ ၊ လူထုစိန်ဝင်းရေးခဲ့ဘူးတဲ့ “ ခေါင်းမာသူတိုင်း လူရိုင်းမဟုတ်” ဆိုတဲ့ ဆောင်းပါးလေးကို သတိရမိသည်။ အဲဒီထဲမှာ ဥပမာပေးထားတဲ့ ကဗျာဆရာကြီးတွေတဖြစ်လဲ မော်စီတုန်းတို့ ဟိုချီမင်း တို့ ရဲ့ အလှအယဉ်တွေကိုပါ ပြန်မြင်ကြည့်မိရသည်။ တကယ်တော့လည်း အရင် ဆောင်းပါးပေါင်းချုပ်မှာ ပါတဲ့ “အတွေးရသ - ရသအတွေး” လို ဆောင်းပါးမျိုးကို ဖတ်ခဲ့ပြီးမှတော့၊ ဒီ သတင်းစာဆရာကြီး ဦးဝင်းတင် ရဲ့ အတွေးရသ အလှတွေကို “အလှရှာတော်ပုံ” ထဲမှာ အထူးတလည်ထပ်ပြီး ရှာဖွေနေဖို့ မလိုတော့ပါလေ။ နောက်တကြိမ် ထပ်တွေ့ခွင့်ရခဲ့ရင်သာ၊ “လူ့ငရဲ” ထဲမှာ တစွန်းတစမြင်လိုက်ရတဲ့ ၀ိညဉ်ရေးဆိုင်ရာ ဘ၀ဒဿနတွေကို မေးခွင့်ရရင် မေးကြည့်ချင်မိနေတော့သည်။

နေပါဦး… ရှာဖွေချင်နေရအောင်.  မေးခွန်းထုတ်ချင်နေရအောင်…ချီးမွမ်းခန်းဖွင့်နေရအောင်…မင်းက ဘာမို့လဲလို့ မေးလာခဲ့ရင်တော့… မြင်းထိန်းငတာကို ပျက်ရယ်မပြု အလေးဂရုထား တဲ့ ၊ သာမန်ညောင်ည အလားတူ မြင်းထိန်း နောက်တယောက်သာ ဖြစ်ပါတယ် လို့ ဖြေပါရစေ။ ဘဘဦးဝင်းတင်ကလည်း သူ့ကို ချစ်ခင်လေးစားတဲ့ မြင်းထိန်းလူတန်းစားတွေရဲ့ ချီးမွမ်းသံတွေ၊ စကားသံတွေကို မျက်ကွယ်ပြုမယ် မဟုတ်ပေဘူးလေ။...

ကေသွယ်
၉ ရက် ဒီဇင်ဘာ ၂၀၁၂



မျက်ရှု  ၂ နှစ်ပတ်လည် အတွက် ရေးပေးခြင်းဖြစ်သည်။ 


Share/Bookmark

0 Comments: