လက်ခတ်သံ

အရင် ပို့စ် မှာ .. 'လတ်ခတ်သံ' သီချင်းလေး ကို..နှစ်နှစ်သက်သက် တင်စား ပြီး ကာ မှ... အဲဒီ ရွှေခြည်ငွေခြည် တန်းပါလို့ ရုပ်ရှင်အဟောင်း လေး ကို တအား ပြန် ကြည့်ချင် စိတ် ပေါက်နေ မိတယ်။ 

အဲလို တုန်း.. တိုက်တိုက် ဆိုင်ဆိုင်ပဲ.. ဖေ့စ်ဘွတ်ခ် မှာ ညီမငယ် တယောက် ပြန်တင် ပေး ထားတာ တွေ့ တော့..၀မ်းသာ သွားလိုက်တာ။ ဖလင် ခေတ်က ရုပ်ရှင် အဟောင်းတွေ..ဓါတ်ပြားခေတ်က..သီချင်း အဟောင်း တွေ..ဘယ်က ဘယ်လို အင်တာနက် ခေတ်ကြီး မှာ.. ဟိုက..ဒီက..ထွက်လာ ကြ ပါ လိမ့် လို့..  တွေး နေ မိ သေးတယ်။ လက်ခတ်သံ လိုမျိုး.. အလင်္ကာကျော်စွာ  စိန်ဝေလျှံ ရဲ့..တခြားတခြား သော.. မြန်မာမူ လက်ရာ သီချင်း ကောင်း လေးတွေ.. ။ သန်းသန်းဆင့် ရဲ့..တခြား တခြား သော.. ဂရုဏာသံ နှော လေးတွေ။ ဘာပဲ ဖြစ်ဖြစ်.. နောက်လူ တွေ .. ကြည့်ရှု ခံစား နိုင် တာ.. ကောင်းတာပေါ့။

ခု လည်း ဒီ ရုပ်ရှင်လေး ကို သေချာ ပြန်ကြည့် ရင်း..ဖတ်ခဲ့ဘူး တဲ့.. မူရင်း ၀တ္တုလေးကို ပြန် အာရုံဖော်ကြည့် နေ မိ သည်။ ဆရာမ ခင်လှိုင်ကြူ ရဲ့.. ငွေတာရီ မဂ္ဂဇင်း ၀တ္တုရှည်လေး တပုဒ်ပဲ။ ၀တ္တု ခေါင်းစဉ်က.. လှိုင်းပုတ် တဲ့ လှေ.. ။  ချောင်းကလေး နဘေး မှာ.. အမျိုးသမီးလေး တယောက် နဲ့..ခလေးမ လေး တယောက် လှေ လွှတ်နေတဲ့ သရုပ်ဖော် ပုံကလေး .. အာရုံ ထဲ မှာ ရေးတေးတေး ပြန်ပေါ်လာ သည်။


ဒါဆို...

အေးဟဲ့..အမေ လည်း ဆိုရင်း ဆိုရင်း အဓိပ္ပါယ် တမျိုးပေါက်လာ တယ် ..  

ဆိုတဲ့.. ဒေါ်မေနွဲ့ ကြီး ရဲ့ စကားသံ နောက်က...လက်ခတ်သံ သီချင်းလေး ကို ရွေးနှုတ် တင်စား အသုံးးပြု ခဲ့ တာက.. ဒါရိုက်တာကြီး ဦးသုခ လား.... မူရင်း စာရေးသူ ခင်လှိုင်ကြူလား... ။ ရုပ်ရှင်ထဲ မှာ.. ဂီတစာဆို စိန်ဝေလျှံ အား ဂုဏ်ပြု ၍ လက်ခတ်သံ သီချင်းကို သုံးပါသည် ဆိုတော့.. ဦးသုခ ရဲ့.. အလင်္ကာ မြောက် ရွေးချယ်မူ ပို ဖြစ်နိုင်မည် ထင်သည်။  ငယ်စဉ် တုန်းက..အဆိုတော် လုပ်ခဲ့ဘူး တဲ့.. ဒေါ်မေနွဲ့ ကြီးကို.. သဘာဝ ကျကျ ကိုယ်တိုင် ဆို ခိုင်းခဲ့ တဲ့..ဦးသုခ ရဲ့.. စိတ်ကူး လေး ကပဲ.. ဒီ ရုပ်ရှင် တကားလုံးကို.. ပြောစမှတ် ပြု အောင် .. တသသ ကျန်ရစ်ခဲ့အောင် ဖြစ်သွား ခဲ့ တာ လို့..ထင်မိသည်။ ဒေါ်မေနွဲ့ကြီး အကယ်ဒမီ ရ ခဲ့တဲ့ အခန်း တခု လည်း ဖြစ်သွား သည်ပေါ့။

ရုပ်ရှင်တကား လုံး ကို ညီညီညွှတ်ညွတ် ပေါင်းစပ် ဖန်တီး ခဲ့ ကြတဲ့ ..ညွန့်ဝင်း.. ခင်ယုမေ..ချိုပြုံး စတဲ့..သရုပ်ဆောင် တွေ ရဲ့ ဟန်ပန် အမူအယာ တွေ က စလို့.. ဂီတ လုလင် ဦးကိုကို ရဲ့..ဂီတ တီးခတ် ဖန်တီးမူ တွေ အဆုံး.. အဲဒီ ခေတ် အခါက..အနုပညာ ထွက်ကုန် တခု ကို ..တလေး တစား ပြန်ပြီး ခံစား ကြည့် ရှု ဖြစ် သည်။ ပြီးတော့..ငယ်ငယ်က ပုံရိပ် တွေ.. ခံစားနားလည်မူ တွေ..။ တကယ့် သတိရ စရာ လေး တွေ ချည်းပါပဲ။ ငယ်ငယ်က ဆို.. ရုပ်ရှင်တကား နာမည် ကြီးပြီ ဆိုရင်.. လက်မှတ် ကို တအိမ်လုံးစာ အတွက်..တရက် နှစ်ရက် ကြိုဝယ်ကြ ရသည်။ ရုပ်ရှင်သွားကြည့်ရတော့မယ် ဆိုရင်..ညစာ ထမင်း တောင် ၀င်အောင် မစားနိုင် အောင် စိတ်က လှုပ်ရှား သေး တာ။ တအိမ်လုံး ဆွေမျိုးတွေ တသိုက်ကြီး.. မုန့်တွေ..ယပ်တောင် တွေ.. ဓါတ်မီးတွေ ကိုင်ပြီး သွားကြည့်ရတဲ့..အဲဒီ ခေတ် ကို.. အခုလို ကြိုက်တဲ့ ရုပ်ရှင် ကား ကို အိမ်မှာ ဆိုဖာပေါ်ထိုင် ဇိမ်နဲ့ ကြည့်နိုင်တဲ့ ခေတ်ကနေ..ပြန်ပြီး လွမ်းကြည့် မိ တော့.. ဟို တုန်းက တောင် ပိုပြီးတော့  ချိုမြိန်သလိုလို။

စာရေးဆရာမ ခင်လှိုင်ကြူ ကို လည်း၊  ၆၂ ကျောင်းသား ခေါင်းဆောင်ဟောင်း တယောက် လည်းဖြစ်.... အကျဉ်းထောင် ထဲ မှာ ကျဆုံး သွားတဲ့.. ခရမ်း မြို့နယ် အဖွဲ့ချုပ် ကိုယ်စားလှယ်  တယောက်လည်း ဖြစ်တဲ့.. ဦးတင်မောင်ဝင်း ရဲ့ ဇနီး အဖြစ် မသိ ခင် တုန်းက တော့.. အချစ် နဲ့ ဘ၀ ကို လှလှပပ ခြယ်မှုန်း နိုင်တဲ့.. စာရေးဆရာမ တယောက် အဖြစ် ..သူမ ရဲ့.. ၀တ္တုရှည် တွေ ကို..ငွေတာရီ တို့ မြ၀တီ တို့ ထဲ မှာ.. စွဲစွဲ လမ်းလမ်း ဖတ် ခဲ့ ဘူး သည် ။ ဗွီဒီယို ကား အဖြစ် ရိုက်ခဲ့ဖူး တဲ့.. မဂျိုးကိုဘယ်လိုပြောရပါ့   ဆိုတဲ့..၀တ္တုလေး ကို လည်း ခုထိ သတိရ စွဲလမ်း နေ မိ သေး သည်။ အဲဒီ တုန်းကလည်း နွေရာသီ ကျောင်းပိတ် ပြီ ဆိုတာနဲ့.. အိမ်က စာအုပ်ဗီရိုကြီးကို ဆွဲဖွ ပြီး၊ တမံတလင်းပေါ် အားလျား မှောက်ပြီး.. စာအုပ်တွေ တအုပ်ပြီး တအုပ် လှန်..၊ အချစ်ဝတ္တုတွေ..မမီမကမ်းနဲ့ ဖတ်..။ ဖတ်စရာကုန် ရင်.. ထပ်ပြန် တလဲလဲ ဖတ်။ တင့်တယ်..ကြည်အေး..သော်တာဆွေ..ရှုမ၀ ရုပ်စုံတွေ.. ဖတ်သာ ဖတ်ခဲ့တာ..။ သိပ်မမှတ်မိ တော့။ အခု ကြီးမှ..ကြိုက်တာလေးတွေ တခုခြင်း ပြန်ရှာ ဖတ်ဖြစ် ရတော့သည်။ ခုလို ဖတ်စရာတွေ သိပ်များလွန်းသော.. ( နောက်ဆုံး ဖတ်ဖို့ အချိန်ကို မပေးနိုင်လောက်အောင် ဖြစ်နေသော ) ခေတ်ကြီးက နေ.. အဲဒီ ရှားစပါးစ ဆိုရှယ်လစ် ခေတ်ကလေး ကို  ပြန်သတိရ မိ နေ ပြန် ပါ ပြီ။ ခက်..ခက်ရ ချေ။

ရုပ်ရှင် ကား တခု လုံး ထဲက.. လက်ခတ်သံ သီချင်းလေး ပါ တဲ့ အခန်းလေး ကို ပြန်ဝေမျှ လိုက်ပါတယ်။ 
စကားပြောခန်းလေး က..ရှေ့ မှာ သုံးမိနစ် စာလောက် တော့ .. ခံနေတယ်။ ဇတ်လမ်း အဆက်အစပ် သိရတာပေါ့ ။







ရုပ်ရှင် တကားလုံး ကြည့်ချင်ရင်တော့.. ရွှေခြည်ငွေခြည်တန်းပါလို့


Share/Bookmark

7 Comments:

ahphyulay said...

အင်း....
ရှားရှားပါးပါး ပြန်လည်ရှာဖွေဖေါ်ပြပေးတာကို
ပဲ ကျေးဇူးတင်မိပါတယ်..။

mirror said...

အဲ့ဒီဇာတ်လမ်းထဲက အဘွားက သီချင်းလေး ညည်းညည်းပြီး ကလေးလေးကိုသိပ်တဲ့အခန်းလေးကို သိပ်... ကြိုက်တာပဲ။
တကားလုံးက ရှေးတုန်းကရုပ်ရှင်တွေ ဘယ်လောက်ကောင်းတယ်ဆိုတာ ညွှန်းစရာမလိုအောင်ကို ကောင်းတာပါ။ :)

Nge Naing said...

မကေရေ သီချင်းလေးကို ငယ်ငယ်က ကျွန်မအစ်မညည်းဆိုတာ အမြဲတမ်းကြားဖူးနေလို့ နားယဉ်နေသလို လွမ်းလွမ်းဆွေးဆွေးနဲ့ ရင်ထဲအထိ ရောက်အောင် ခံစားပြီး နားထောင်သွားပါတယ်။

ပန်းချီ said...

ရွှေချည် ငွေချည် တန်းပါလို့ သီချင်းရော၊ ရုပ်ရှင်ပါ ကြိုက်ပါတယ် အစ်မကေ။ ပြန်နားထောင်ရတာ ကြည်နူးစရာ။

နှောင်းအတိတ်ဂန္တ၀င် said...

အဟောင်းတွေစုနေတဲ့ အဟောင်းဆိုင်အတွက်တော့
ဟန်ကျတာဘဲ Download ထားလိုက်ပါတယ် ကျေးဇူးဘဲ
မောင်သုည

San San Htun said...

ရှေးတုန်းက ရုပ်ရှင်တွေများ တကယ်ကောင်းတာပဲ..ဝေမျှတာ ကျေးဇူး...

Maung Too said...

စာရေးဆရာ ခင်လှိုင်ကြူ (ဒေါ်ကြူကြူ)ဟာ ထောင်တွင်းမှာ ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းရေးတွေက နှိပ်စက်လို့ သေဆုံးသွားခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဟောင်းနဲ့ အမျိုးသားဒီိမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဦးတင်မောင်ဝင်း ခရမ်း ဖြစ်ပါတယ်။ ကွယ်လွန်ခြင်း ၂၃ နှစ်မြောက်ကို မနက်ဖြန် ၁၈ ရက်နေ့ ကျင်းပကြပါလိမ့်မယ်။