ဟီရိုရှီးမား ( ဘာသာပြန်- ၀င်းတင်)



ကျွန်တော်တို့ သွားရောက်ချိန် ( ၁၉၇၇ ဇူလိုင် ၁၅ ) တွင်၊ ဟီရိုရှီးမားမြို့သည် ကမ္ဘာ့ ပထမဆုံး အဏုမြူ ဗုံးဒဏ် ခံခဲ့ရသည့် မြို့ကြီး ဟု ပြောနိုင်စရာ မရှိတော့လောက်အောင် အပြောင်းလဲကြီး ပြောင်းလဲ နေပေပြီ။

ကျွန်တော်တို့ တည်းခိုကြသည့်၊ ဟိုတယ်ကြီး ပေါ်မှ လှမ်းမျှော်ကြည့်လိုက်သည်။ ကြည့်လေရာတိုင်း တွင်၊ အပြို အပျက် ဆို၍ တကွက်တလေ မျှပင် မမြင်ရ။ အဏုမြုဗုံးဒဏ်ကြောင့် ကုန်းကောက်စရာ မကျန်လောက်အောင် ပြာပုံ ဖြစ်ခဲ့ရသည့် မြို့ကြီး။ လူ နှစ်သိန်း ကျော် အသက်နှင့် ကိုယ် အိုးစားကွဲခဲ့ကြရသည့် မြို့ကြီး ။ လွန်ခဲ့သည့် ၁၀ နှစ် ခန့်က အထိ ပြန်လည် ထူထောင် တည်ဆောက်နေရ သေးသည့် မြို့ကြီး။ ယခုတော့မူ ကမ္ဘာ့ ပထမဆုံး အဏုမြုဗုံး သားကောင် မြို့ကြီး တမြို့ပါ ဟူ၍ ပြောလျှင်ပင် ယုံနိုင်စရာ မရှိတော့ပါပေ။ ခေတ်မီမြို့ကြီး ၊ သစ်လွင် မြို့ကြီး။

ဟီရိုရှီမား ကို ၁၉၆၈ အထိ ပြန်လည် တည်ဆောက် နေခဲ့ ရသေးသည်။ ထိုအချိန်အထိ အိုတာမြစ်ရိုး တွင် ကွက်သစ်များ ရှိနေခဲ့ ရသေးသည်။ ကျွန်တော် တို့ ရောက်သွားချိန် တွင်မူ  ထိုကွက်သစ်  နေရာ များ မှာ ကမ္ဘာကျော် ဂျပန် ဗိသုကာ ကြီး မာဆာတို အိုတာကာ ၏ ပုံစံ ဖြင့် ကျပ်ကုဋေ ၃၀ ကုန်ဆောက်ခဲ့သည့် တိုက်တန်းကြီး များဖြင့် အစားထိုး ပြီး နေလေပြီ။

အဏုမြူဗုံး ဒုက္ခ သည် ကွက်သစ် နေရာတွင်ပင်၊ ခေတ်မီ တိုက်တာကြီး များ ထည်ထည်ဝါ၀ါ ပေါ်လာပြီ ဆိုမှတော့ တမြို့လုံး ရှိ တခြားနေရာများကား ဆိုဖွယ်ရာ ရှိပါဦးတော့မလား။

ဇူလိုင် ၁၆ ရက်တွင် ကျွှန်တော် တို့အဏုမြူ ဗုံးကြဲချခဲ့သည့် အီနိုလာဂေး ခေါ် အမေ၇ိကန် ဘီ ၂၉ လေယဉ်ပျံကြီး ၏ ပုံ၊ “ချာတိတ်” ခေါ် အဏုမြူ ဗုံး ကြီး ၏ ပုံ၊ အဏုမြူ ဗုံး မချမီ က တွေ့ခဲ့ရသည့်  ဟီရိုရှီးမား မြို့ပုံ၊ အဏုမြူဗုံး ချပြီးနောက် တွေ့ခဲ့ရသည့် မြို့ကွက်ပုံ၊ အဏုမြူဗုံး ချပြီးစ အချိန်ပိုင်း ကလေး အတွင်း ဂျပန် သတင်းထောက် ယိုရှီတိုမာစုရှီဂေ ရိုက်ကူးခဲ့သည့် အဏုမြူ ဗုံး ဒုက္ခ ည်များ မမြင်ရက်စရာ ဒဏ်ရာကိုယ်စီ ဖြင့် သွားလာ လှုပ်ရှားနေကြပုံ ၊ အဏုမြူဗုံး ကြောင့် ကျောက်သားပေါ်တွင်ပင် လူရိပ်ထင်ခဲ့ပုံ၊  တမြို့လုံး မယုံနိုင် လောက်အောင် ကြီးမားလှစွာ ပျက်စီးနေပုံ များကို ၊ ရင်နင့်စဖွယ် ပြထားသည်။ စုံစေ့အောင် ပင် မကြည့်နိုင်ခဲ့။ ကြည့်လျှင်လည်း မျက်ရည်ထိန်းနိုင်အံ့မထင်။

ငြိမ်းချမ်းရေးပန်းခြံ ထဲရှိ အထိမ်းအမှတ် ဂူကလေး တွင် ကျွန်တော်တို့ လွမ်းသူ့ပန်းခွေ ချကြသည်။ ဂူကလေးမှာ ရှေးပဝေသဏီ က၊ ဂျပန်ပြည် တွင် ဆောက်လုပ်လေ့ရှိခဲ့သည့်၊ ဟာနီဝါ အိမ်ပုံစံ ။ လှည်းပေါင်းမိုးလေး သဏ္ဍန်၊ ဘေးနှစ်ဖက် ပွင့် အခုံးလေး အောက်တွင် ကျော်သေတ္တာရှိသည်။ ထိုကျောက် သေတ္တာ ထဲတွင် အဏုမြူဗုံး ဒဏ်ကြောင့် အသက်ဆုံးရှုံးရသူ အထောင်အသောင်း များစွာ တို့၏၊ အမည်နာမ များစွာတို့ကို ရေးမှတ်ထားသည့် အတိတ်ကာလ ပုရပိုက်ကြီး ရှိသည်။

ကျောက်သေတ္တာပေါ်တွင်....

“ငြိမ်းချမ်း ငြိမ်သက်
လျောင်းမွေ့စက်လော့
နောက်ဆက်အမှား
တို့များတဖန်
မကျူးလွန်တော့..”

ဟူသော စာတမ်းကလေး ရေးထားသည်။

ဟီရိုရှီးမားတွင် ရောက်ခိုက် ဟီရိုရှီးမား အနီးရှိ ဘိဝါ အင်းကြီး၏ အနားယူ စခန်းများ သို့ ကျွန်တော်တို့ ရောက်ခဲကြသည်။ ပျော်စရာကောင်းသည်။ စိတ်ချမ်းမြေ့စရာ ကောင်းသည်။ သို့သော် ကျွန်တော်တို့ မပျော်ခဲ့။ စိတ်မချမ်းမြေ့ခဲ့။ ဟီရိုရှီးမား အရိပ်သည် ကျွန်တော်တို့၏ စိတ်ဓါတ်အာရုံ အပေါ်တွင် တချိန်လုံး ဖိဖိစီးစီး လွှမ်းမိုး ထိုးကျနေခဲ့သည် မဟုတ်လား။

ကိုယ့်နိုင်သို့ ပြန်ေ၇ာက်တော့လည်း ဟီရိုရှီးမား အကြောင်း ကို ဟုတ်ဟုတ်ညားညား မရေးဖြစ်ခဲ့တော့။ မိုးစင်စင်လင်းမှ တော့  ညက အိပ်မက်ဆိုးု အရှည်အဝေး ပြန်ပြောပြ မနေချင်တော့သလို ခံစားမိသည်။ ထို့ကြောင့် ဟီရိုရှီးမား အကြောင်းကို ဆောင်းပါး တစောင် တဖွဲ့ တသီးတခြား ရေးမနေတော့ခြင်း ဖြစ်သည်။

သို့သော် ကျွန်တော် အချင့်အတွက် မှားပါသည်။ အိပ်မက်ဆိုး ဟူသည် တညတာ နှင့် မေ့နိုင်သည့် အရာမျိုး မဟုတ်။ နောက်နေ့ နောက်ရက်များ အထိ တစိမ့်စိမ့်တွေး တရေးရေးမြင် တငင်ငင် အမှတ်ရကာ ကြက်သီး ဖြန်းဖြန်းထပြီး ပြောမဆုံးပေါင် တောသုံးထောင် နားထောင်မ၀ တသသ ဖြစ်တတ်သော အရာမျိုး ပင် မဟုတ်လား။

ထို့ကြောင့် ဟီရိုရှီးမား အကြောင်း တခုခုတော့ ရေးဦးမှဟု ကျွန်တော် စဉ်းစားမိသည်။ သို့သော် စာဖတ်သူ တို့ သိချင်ကြသည့် ဟီရိုရှီးမား သည် အခြားအခြားသော ကမ္ဘာ့မြို့ကြီးပြကြီး များ နှင့် မခြား စည်ကား ထည်ဝါနေသည့် ယနေ့ ဟီရိုရှီးမား မဟုတ်။ အဏုမြူ စွမ်းအင် ၏ ပထမဆုံး သားကောင် ဖြစ်ခဲ့ရချိန်က ဟီရိုရှီးမား သာ ဖြစ်ကြောင်း စဉ်းစားမိသည်။

ဟီရိုရှီးမား အကြောင်း စာအုပ်ပေါင်းများစွာ ရေးသား ထုတ်ဝေ ခဲ့သည်။ မီချီဟီတို ဟာချီယာ ၏ “ ဟီရိုရှီးမား ဒိုင်ယာရီ” ရောဘတ်ယွန်ခ် ၏ “ ပြာပုံ၏ ရင်သွေးများ”  ဟီရိုရှီးမား ကို သွားေ၇ာက်ဗုံးကြဲ ပုံ ကို ရေးသားထား သည့် ဖလက်ချာနေဗယ် နှင့် ချားလ်စ်ဘေလီ ၏ “ ပြေးစရာ မြေမရှိ” စသော စာအုပ်များ သည် ကမ္ဘာကျော် စာအုပ် များ ဖြစ်သည်။ ထိုစာအုပ် များ အနက် ယနေ့ထက်တိုင် ထပ်ပြန်တလဲလဲ ထုတ်ဝေ နေရသည့် စာအုပ်မှာ ဤစာအုပ်။ အမေရိကန် စာရေးဆရာ သတင်းစာ ဆရာ ဂျွန်ဟာဆေ ၏ “ ဟီရိုရှီးမား”။

ဂျွန်ဟာဆေ ၏ သမိုင်းဝင် “ဟီရိုရှီးမား” စာအုပ်ကို ယခု ကျွန်တော် မြန်မာပြန်ပါသည်။

ဟီရိုရှီးမား သည် စာပေရှထောင့်မှ ကြည့်လျှင်၊ ဂန္ဒ၀င်မြောက်လက်ရာ ဖြစ်သကဲ့သို့၊ သတင်းစာ ရှုထောင့်မှ ကြည့်လျှင်လည်း သမိုင်းဝင်လက်ရာ အနုပညာ မြောက်လက်ရာ ဖြစ်၏။

သတင်းစာသညိ သမိုင်းနေ့စဉ် မှတ်တမ်းဖြစ်သည်။ ယနေ့ သတင်းစာ သည် မနက်ဖြန် သမိုင်း ဖြစ်သည်။ သတင်းစာ သမား သည် ထိုမှတ်တမ်း ကို စိမ်ပြေ နပြေ ဒူးနှံပေါင်နှံ ရေးရသည် မဟုတ်။ ရတတ်သမျှသော အချိန်ကလေး ကို လုကာ ဖုတ်ပူ မီးတိုက် ရေးရသည်။  လူတိုင်း အတွက် ရေးသည့် စာ ဖြစ်၍ လူတိုင်း နားလည်သော စကားလုံးဖြင့် လူတိုင်း နားလည်အောင် လိုရင်းကို တိုတို နှင့် ရှင်းရှင်း ရေး ရသည်။

ဤ စာအုပ်သည် လူ့သမိုင်းစဉ် ၌ တင်ကျန်ရစ်မည့် သမိုင်း မှတ်တမ်းကို လို-တို-ရှင်း ရေးနည်းဖြင့် ဖုတ်ပူမီးတိုက် ရေးသားထားသည့်ဂန္ဒ၀င် မြောက် စာပေ တခု ဖြစ်သည်။ 

၁၉၄၅ သြဂုတ် ၆ ရက် တနင်လာ နေ့၊ နံနက် ၈ နာရီ ၃၅ မိနစ် တင် အမေရိကန် အစိုးရ က ၊ ဟီရိုရှီးမား  မြို့ကို ဗုံးစာ ကျွေးသည်။ လူပေါင်း နှစ်သိန်း အသက် ဆုံးရှုံး သည်။ ဧရာမ မြို့ကြီး တမြို့လုံး ပြာပုံ ဖြစ်သည်။

“ပြာပုံ၏ ရင်သွေး” စာအုပ်တွင် သတင်းစာဆရာ ရောဘတ်ယွန့်ခ် ရေးသားခဲ့သည့် အတိုင်း အဏုမြု ဗုံး ချလိုက်ခြင်းဖြင့် လူပေါင်း သောင်းသိန်း သေကျေပြီး မြို့ကြီး တမြို့လုံး ပြာပုံ ဖြစ်သွားသော်လည်း ဟီရိုရှီးမား မြို့ကြီး သည့် နှလုံးရောဂါ ဖြင့် ဘုံးကနဲ လဲကျ သေဆုံး သွားသလိုမျိုး သေဆုံး ခဲ့ရသည် မဟုတ်..မဆုံးနိုင်သော ဒုက္ခ သုက္ခ သောက ဗျာပါဒ သံသရာ ၀ဲဂယက် ကြီးတွင် ကြာရှည်လေးမြင့်စွာ လည်နေခဲ့ရပေ သေးသည်။

ဤ ဒုက္ခသံသရာကြီး ကို ကမ္ဘာက နားစွန် နားဖျား သာ ကြားရသည်။ ခရေစေ့တွင်းကျ မသိခဲ့ရ။ ထို့ကြောင့်၊ ၁၉၄၆ မေလ တွင် ကမ္ဘာကျော် အမေရိကန် မဂ္ဂဇင်း ဖြစ်သော နယူးယော့ကာ က၊ ဂျွန်ဟာဆော ကို ဟီရိုရှီးမား သို့ စေလွှတ်ခဲ့သည်။

ဂျွန်ဟာဆေ က၊ ထို ဒုက္ခ သံသရာ၏ ရုပ်ပုံလွှာ ကို အဏုမြူဗုံး ဒဏ်ခံ လူခြောက်ယောက်၏ အတွေ့အကြုံ ပေါ်တွင် ပန္နက်ရိုက်၍ ရေးဖွဲ့သည်။ ဂျာမန်လူမျိုး ခရစ်ယန် ဘုန်းကြီး တပါး နှင့် ဂျပန် လူမျိုး ငါးဦး ၊။ ဂျပန် ငါးဦးမှာ ခရစ်ယာန် သင်းအုပ် ဆရာတဦး ကြက်ခြေနီ ဆေးရုံ မှ ဆရာဝန်တဦး ၊ အလွတ်ဆရာဝန် တဦး၊ စက်ချုပ်သမ မုဆိုးမ တဦး၊ စက်ရုံ စာရေးမလေး တဦး။

ဂျွန်ဟာဆေ သည် “ တိုင်း” သတင်းမဂ္ဂဇင်း၊ “လိုက်ဖ်” သတင်း ဓါတ်ပုံ မဂ္ဂဇင်း တို့တွင်၊ သတင်းထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည့် သတင်းစာ ဆရာ တဦး ဖြစ်သည်။ နယူးယော့ကာ နှင့် တခြား မဂ္ဂဇင်း များ တွင် ပင်တိုင်ရေးသားခဲ့သည့်၊ စာရေးဆရာ တဦး လည်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက စစ် သတင်းထောက် အဖြစ် ကမ္ဘာအနှံ့ ရောက်ခဲ့သည်။ ၁၉၄၄ တွင် အဒါနိုခေါင်းလောင်း ၀တ္တု ဖြင့် ပူလစ်ဇာ ဆုရ ခဲ့သည်။ ( ချစ်ညို ဘာသာပြန်)

ဂျွန်ဟာဆေ သည် အဏုမြူ ဒုက္ခဘုံကြီး ၏ တဒင်္ဂ နှင့် အနမတဂ္ဂ ဖြစ်စဉ်များကို သာမန် လူ သား ၆ ဦး တို့၏ ဘ၀ နှင့် ဖြစ်ရပ်တွင် ထင်ဟပ် ကာ၊ အစာမသွပ် အဖွဲ့လွတ် အနွဲ့လွတ် ရေး သည်။ အဏုမြူ ဗုံး ဒဏ် ဆိုတာ ဒါပဲ ဟု ကုပ်ဆွဲပြ လိုက်သလို ရေးထား သည့်  ဂျွန်ဟာဆေ ၏ လိုတိုရှင်း ရေးဟန် သည် တချို့ နေရာများ၌  စိမ်းကားလွန်း သယောင်ယောင် အသည်းမာလွန်း သယောင်ယောင် ပင် ဖြစ်နေပေသေးတော့သည်။

ကနဦးတွင် “နယူးယော့ကာ” မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ က၊ အခန်းဆက် ဖော်ပြသွားရန် အစီအစဉ် လုပ်ထားသည်။ သို့ရာတွင် ထို အစီအစဉ် ကို ဖျက်ကာ ဟီရိုရှီးမား တပုဒ်တည်းကို မဂ္ဂဇင်း တစောင်လုံး အပြည့် ထဲ့ရန် ဆုံးဖြတ်လိုက်သည်။ ဂျွန်ဟာဆေ က.. ဆယ်ရက် အတွင်း အပြီးရေးပေးသည်။

သြဂုတ် ၃၁ ရက်တွင်း ကမ္ဘာ့စာနယ်ဇင်း သမိုင်း၌ မော်ကွန်းထိုးရမည့် “နယူးယော့ကာ” အထူးထုတ် မဂ္ဂဇင်း ထွက်လာသည်။ လပေါင်းများစွား ကြိုတင် ရိုက်နှိပ်ထား သည့် အတိုင်း ပျော်ပွဲစားပုံ ပန်းချီ လက်ရာ မျက်နှာဖုံး၊ သို့သော် အတွင်းတွင်မူ ပါဝင်နေကျ ကဏ္ဍအားလုံး ကို ဖြုတ်လိုက်သည်။ ၀တ္တုမပါ။ ကဗျာမပါ၊ ကာတွန်းမပါ။ စာလုံးရေ  သုံးသောင်းရှိသော ဂျွန်ဟာဆေ ၏ ဟီ၇ိုရှီးမား ကိုယ်တွေ့ သတင်း ဆောင်းပါးရှည်ကြီး သာ၊ အပြည့်ပါသည်။ မဂ္ဂဇင်း တစောင်လုံးကို လုံးချင်း စာအုပ်တအုပ် လို ထုတ်ဝေခြင်း။

ထိုသမိုင်းဝင် မဂ္ဂဇင်း သည်၊ ထွက်ထွက်ခြင်း ပြိုက်ကနဲ ကုန်သွားသည်။ ကမ္ဘာကျော် ရူပှေဗဒ ပညာရှင်ကြီး အိုင်စတိုင်း တဦတည်းက စောင်ရေ တထောင် ၀ယ်သည်။  တခြား ထိပ်တန်း သတင်းစာကြီး များက အခန်းဆက် ဖော်ပြခွင့် ရရန် အလုအယက် ချဉ်းကပ်ကြသည်။ အမေရိကန် သတင်းစာ ပေါင်း ၅၀ ကျော် အခန်းဆက် ဖော်ပြခွင့် ရခဲ့သည်။ ဂျွန်ဟာဆေက စာမူခ ရငွေ များကို ကြက်ခြေနီ အသင်းသို့ လှူဒါန်းသည်။

အမေရိကန် အသံလွှင့်ကုမဏီက လေးပိုင်းခွဲ ပြီး အသံလွှင့်သည်။ လန်ဒန် ဘီဘီစီ အသံလွှင့်ဌါန က လေးပိုင်းခွဲပြီး လွှင့်သည်။ ပြဇာတ်ရေး ပြီး စင်တင်ခွင့် တောင်းသူက တောင်းသည်။ သို့သော် ဂျွန်ဟာဆေ က ခွင့်မပြု။

နောက်ပိုင်းတွင် ကမ္ဘာ့ဘာသာ စကားမျိုးစုံ ဖြင့် ဘာသာပြန်ကာ အုပ်ရေ သန်းပေါင်းများစွာ ထုတ်ဝေခဲ့သည်။

+++++

ထိုစာအုပ်ကို ယခု မြန်မာဘာသာ သို့ ပြန်ဆိုပါသည်။ နှစ်ပေါင်း ၃၀ ကျော်က စာအုပ်ကို ပြန်ဆိုရသည်မှာ အကြောင်းရှိပါသည်။ တကြောင်းမှာ ကျွန်တော် ဂျပန်ပြည်မှ ပြန်ရောက်ချိန်က စ၍ ဟီရိုရှီးမား အကြောင်း တမေးတည်း မေးနေကြသည့် စာဖတ်သူများ၏ ဆန္ဒ ကို ဖြည့်စွမ်းရန် ဖြစ်ပါသည်။ တကြောင်းမှာ ၊ ယနေ့ထက်တိုင် အဏုမြူ စစ်မက် အန္တရယ် သည် လျော့နည်း သွားသည် ဟူ၍ မရှိ။ တနေ့တခြားသာ ပို၍ ကြီးထား လာနေခြင်း ကို သတိရကြစေရန် ဖြစ်ပါသည်။

ဟီရိုရှီးမား တွင် ကြဲချခဲ့သည့် အဏုမြူဗုံး သည် လူနှစ်သိန်း ကို ဗုံးတလုံးတည်းဖြင့် ဇီဝိန် ခြွေခဲ့သည်။ ယမ်းဘီလူးတန်ချိန် နှစ်သောင်း နှင့် ညီမျှသည်။ စစ်အတွင်းက မြန်မာပြည်၌ ကြဲချခဲ့ဖူး သည့်၊ တန်ဗုံး ဆိုသော ဗုံးမျိုး နှစ်သောင်း နှင့် ညီမျှသည်။ ယနေ့ ကမ္ဘာ့ အဏုမြူလက်နက် များ၏ စွမ်းအားကား အတိုင်းမသိ ကြီးမားချင်တိုင်း ကြီးမားနေလေပြီ။ ယမ်းဘီလူး တန်ချိန် သန်း ၅၀ အင်အား အထက်သို့ ရောက်နေလေပြီ။ ဟီရိုရှီးမား တွင် ကြချခဲ့သော ဗုံးထက် အဆ နှစ်ထောင် ကျော် ပိုမို ပြင်းထန်သော စွမ်းအား ရှိနေလေပြီ။  ဗုံးတလုံးတည်းဖြင့် လူပေါင်း လေးသန်းကျော်ကို ဇီဝိန်ချွေ နိုင်စွမ်း ရှိနေလေပြီ။ ကိန်းဂဏန်းများကို နှိုင်းယှဉ်ပြောလျှင် ဆုံးနိုင်ဖွယ် မရှိပါ။

ပထမ ကမ္ဘာစစ် အတွင်းက ရိုင်ဖယ် ကျည်ဆံ တသောင်း ( သို့) အမြောက်ကျည်ဆံ ဆယ်တောင့် ပြစ်မှ လူတယောက် သေသည်။ အဓိပ္ပယ် မှာ လူ့ပယောဂ ဆယ်ကြိမ်မှ အကြိမ် တသောင်းထိပါမှ လူ့အသက်တချောင်း ကို သတ်နိုင်သည်။ ယခုမူ လူ့ပယောဂ တကြိမ်မျှဖြင့် လူပေါင်း လေးသန်းမက ကို သတ်နိုင်ပေပြီ။ နူကလီးယား လက်နက်များ အနက် ရှေးအကျဆုံး ဖြစ်သော ဘီကီနီ ဟိုက်ဒရိုဂျင် ဗုံး (၁၉၅၄ မတ်လ ၁ရက် စမ်းသပ်) သည် ယမ်းဘီလူး တန်ချိန် ၁၅ သန်း နှင့် ညီမျှသည်။ ထို ဗုံးကြီး၏ စနက်တံ အင်အား သည်ပင်၊ ဟီရိုရှီးမား အဏုမြု ဗုံး အင်အားထက် ပိုမိုကြီးမား နေပေသည်။

ဘီကီနီ ဗုံးကြီး တလုံးတည်း၏ စွမ်းအားသည် ဟီရိုရှီးမား နှင့် နာဂါဆကီ မြို့ကြီးများ တွင် ကြဲချခဲ့သည့် အဏုမြူ ဗုံးများ အပါအ၀င် ဒုတိယ ကမ္ဘာစစ် အတွင်း အသုံးပြု ခဲ့ သည့်၊ ဗုံး အမြောက် လက်နက် မျိုးစုံ၏ စွမ်းအား စုစုပေါင်းထက် ပိုမိုကြီးမားနေလေသည်။

ထိုဘီကီနီ ဗုံးကြီးသည် ယနေ့ စံချိန်ဖြင့် ဆိုလျှင်  ပေမမီ ဒေါက်မမီ တော့၊ စံမမီ အားမမီတော့.ခေတ်မမီတော့။ ဒုံးပျံ နှင့် အုန်းလက်နွား ကွာခြားသလောက် ကွာခြားနေပေပြီ။ 

အဏုမြူ စစ်မက်အန္တရယ်ကြီးသည် နိုင်ငံ ကြီးငယ် မရွေး ကမ္ဘာ့နိုင်ငံ တိုင်းရှိ လူသားတိုင်းအား ယနေ့တိုင် အတင့်ရဲရဲ ခြိမ်းခြောက်နေဆဲ ဖြစ်သည်။ 
အဏုမြူ စစ်မက် အန္တရယ်ကြီးသည် ဟီရိုရှီးမားတွင် လူ နှစ်သိန်းကို ဇီဝိန်ချွေခဲ့သည့် ထိုစဉ်က အဖျက် စွမ်းအားထက် အဆ ရာထောင် ပိုမို ကြီးမား ဆိုးရွားသော ရန်စွယ် မာန်စွယ်ဖြင့် ယနေ့တဖန် ခြိမ်းခြောက်နေပြန်လေပြီ။

ဤ စာအုပ် သည်၊ ယနေ့ မျက်မှောက် ကမ္ဘာတွင် လူသား တရပ်လုံး မရှောင်သာ မလွှဲသာ ရင်ဆိုင်နေရသေးသည့် နူကလီယာ အဏုမြူ စစ်မက် အန္တရယ် ကြီး၏ အတိုင်းအဆ ကို တစုံတရာ သော အတိုင်းအတာ အထိ၊ ခန့်မှန်း သိမြင် ဆင်ခြင် နားလည်ရေး တွင် အတန်သင့်မျှ အကူအပံ့ ပြုနိုင်ပေလိမ့်မည်ဟု  မျှော်လင့်ပါကြောင်း။

ဝင်းတင်
၁၉၈၇၊ သြဂုတ်၊ ၆

(ဟီရိုရှီးမား ၆၇ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ဦးဝင်းတင် ၏ စာအုပ်မှ အမှာစာ အား ဖော်ပြ ခြင်းဖြစ်သည်။အဲဒီစာအုပ် ကို ဖတ်ပြီး..သိတယ်လို့ ထင်ခဲ့တဲ့ ဟီရိုရှီးမား ဟာ အသစ်ပြန်ဖြစ်သွားတယ်။ ဒုတိယကမ္ဘာစစ် ကြီးဟာ လူ့ငရဲ အစစ်ကြီးပါပဲ...။ ဟစ်တလာကို အပြစ်တင်ရမလား..ဂျပန်လား..အမေရိကန်လား.. ဘယ်သူ့ ဘယ်သူမှ  လက်ညှိုးထိုး လို့မရ နိုင်တော့လောက်အောင် ဖြစ်ခဲ့တဲ့..မကောင်းဆိုးဝါး အခိုးအငွေ့တွေ ဖုံးလွှမ်းခဲ့တဲ့ ...  Miasma - အ ကာလ ကြီး ..)


Share/Bookmark

0 Comments: