ပြောင်းလဲဖို့အတွက် လိုအပ်နေတဲ့အရာ

လှည်းတန်း အ၀င် ပြည်လမ်းမ  (ဓါတ်ပုံ- SHA)


မြန်မာပြည်ကြီး တကယ် ပြောင်းလဲ နေ ပြီ လား … ဆိုတဲ့ မေးခွန်းကို၊ လူတိုင်းပဲ စိတ်ဝင်စား နေ ကြသည်။ မနေ့က နဲ့  ဒီနေ့ ဘယ်အရာကမှတော့၊ တသမတ်တည်း ရှိနေမည် မဟုတ်။ အနည်းဆုံးတော့ နိုင်ငံသူနိုင်ငံသားတွေ အားလုံး၊ သမိုင်းမှတ်တိုင်တွေ၊ တကွေ့ပြီးတကွေ့ ဖြတ်လို့၊   လမ်းဆက်လျှောက်နေ ကြ ရသည်။ ကြီးရင့် ပြောင်းလဲ နေ ကြ သည်။
ကလေးတွေက နေ လူငယ်တွေ ။ လူငယ်တွေကနေ လူရွယ်တွေ ။ လူရွယ်တွေကနေ လူကြီးတွေ ။ လူကြီးတွေ ကနေ လူအိုတွေ။




+++++++


ယူနီဖောင်းအဖြူ ကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ၊ လူဝင်မူကြီးကြပ်ရေးအရာရှိ  လူရွယ်ရဲ့ လက်ချောင်း တွေက၊ ကွန်ပြူတာ ကီးဘုတ်ပေါ်မှာ၊ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနေသလို၊ အကြည့်တွေကလည်း ကွန်ပြူတာ မျက်နှာပြင်နဲ့ ၊ ခရီးသွားစာအုပ် ကြားမှာ၊ လျင်လျင်မြန်မြန် ရွေ့လျောနေသည်။ ဟုတ်ကဲ့ရပါပြီ ဆိုတဲ့ ၊ အပြုံးတ၀က် အသံတ၀က် နောက်မှာ ၊ ဘာမှ အထူးအထွေ စူးစမ်းမူတွေ မပါ၊ ရိုးရှင်းပြေပြစ် လှသည်။ဟုတ်သည် ။ အဲဒီလို ရိုးရှင်းပြေပြစ်မူ ကိုသာ၊ လိုချင်တောင့်တ ခဲ့ကြသည် မဟုတ်လား ။ တချိန်က၊  ဒီနေရာကို ရောက်ပြီဆိုတာနဲ့ ၊ မိသားစုရဲ့ နွေးထွေးတဲ့ အပြုံးတွေကို မတွေ့မမြင်ရခင်မှာ၊ မယုံသင်္ကာတွေ၊ မလိုတမာတွေ ကြားထဲမှာ စိုးရွံ့နေကြ ရသည်လေ။

ခေတ်မီ သစ်လွင်နေတဲ့၊ ရန်ကုန်လေဆိပ် အပြင်ခန်းမ ထဲကို ၊ ထွက်လိုက်တော့ ၊ အသီးသီး စောင့်မျှော်ကြိုဆို နေတဲ့ မိသားစုတွေ ။ အဲဒီအထဲကမှ တောင်ဝှေးကြီး ထောက်ပြီး လက်လှမ်းပြ နေတဲ့၊ ဦးကြီးဖြစ်သူ နဲ့ ၊ လူတွေ ကြားထဲ အရပ်ရှည်ကြီး ထိုးထွက်နေတဲ့၊ တူကလေးကို ၀မ်းသာအံ့သြ စွာ တွေ့လိုက် ရသည်။ ၀မ်းသာရ တာက၊ ဦးကြီးကို အပြင်မှာ၊ အခုလို လွတ်လွတ်လပ်လပ် ကျန်းကျန်းမာမာနဲ့ တွေ့ရလို့။ အံ့သြ ရတာက၊ ဆယ်တန်း ဖြေထားတယ် ဆိုတဲ့ တူလေး က၊ မယုံနိုင်လောက်အောင် ၊ အရွယ်ရောက် နေလေပြီမို့။  အရင်ဦးဆုံး ဘေးလွယ်အိတ်ထဲ မှာ အလွယ်တကူ ထဲ့ယူလာခဲ့တဲ့ ၊ စာအုပ်ကို ထုတ်ပြီး ၊ ဦးကြီးရဲ့ လက်နှစ်ဖက်ထဲ ၊ ထဲ့လိုက်ရင်း၊ အားရပါးရ ဖျစ်ညှစ် ဆုပ်ကိုင်ထားတော့ ၊ ဘေးမှာ ရပ်နေတဲ့ တူကလေးရဲ့ မျက်ဝန်းထဲမှာ၊  စူးစမ်း တဲ့ အလင်းရောင်တွေ ၊ဖျပ်ကနဲ ပြေးသွားသည်ကို မြင်လိုက်ရသည်။
 ဆယ်ကျော်သက်ရွယ် လူငယ်တယောက် အတွက် ၊ စာအုပ်တအုပ်ကြောင့် နှစ်ရှည်လများ အကျဉ်းကျခဲ့ရတဲ့ အဘိုးတယောက်ရဲ့ သမိုင်းနဲ့၊ နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်နေတဲ့ ဦးလေးအဒေါ်တွေရဲ့ အကြောင်းပြချက်ကို၊ ဘယ်လို နားလည်လက်ခံလေမလဲ ။ တောင်ဝှေးပေါ်မှာ အားပြု လျှောက်နေတဲ့ ဦးကြီးကို အသာငေးရင်း  ရဲရင့်  ဖျတ်လပ်ခဲ့တဲ့ ပုံရိပ်တချို့ကို ပြန်မြင်ယောင်မိသည်။ အိတ်တွေကို ဆွဲယူရင်း လျင်မြန်သွက်လက်စွာ ၊ လျှောက်သွားတဲ့ တူကလေးရဲ့ နောက်ကလိုက်ရင်း ၊ လေဆိပ်မှန်တံခါး က၊ ထွက်လိုက်တော့၊  မုတ်သုန်မိုး ရနံ့ သင်းပျံ့နေတဲ့ ၊ ရန်ကုန်မြို့ ကြီးက ၊ စောင့်ကြိုလျက်..။  ပင့်သက် ရှိုက်ကာ ၊ နှုတ်ဆက် လိုက် မိ ပေ တော့ သည်။

++++++

အဲဒါ..အချိန်ကာလ ရဲ့ သရုပ်သကန်လား၊ ပြောင်းလဲခြင်းရဲ့ ပြယုဂ်လား…
စကားကို ကြီးကြီးကျယ်ကျယ် မေးခွန်းနဲ့ အဆုံးသတ် လိုက်မိပေ မဲ့ ၊ တကယ်တော့ ၊ ဒီစကားဝိုင်းထဲမှာ ၊ တိတိပပ အဖြေ မရှိမှန်းလည်း သိနေသည်ပဲ။

 … ပြောင်းလဲ တာတော့..တကယ် ပြောင်းလဲနေပြီ ဟ … လို့ ၊ သူငယ်ချင်း တယောက်ကတော့၊ အားရပါးရ ဖြေနေပေသည်။ သူက  မနှစ်တနှစ်ကမှ၊ စင်ကာပူက ပြန်လာခဲ့ပြီး၊ အခုတော့ ရန်ကုန်မြို့က၊ ပုဂ္ဂလိက ဘဏ်ကြီးတခုရဲ့  အဆင့်မြင့်နေရာ တခုမှာ ၊ နေသားတကျ ဖြစ်နေပုံ ရ သည်။ သူ အဲဒီလို ပြောလိုက်တော့ မှ၊ လက်ရှိ ထုတ်လိုက်တဲ့ တသောင်းတန် အကြောင်း ၊ နိုင်ငံတကာမှာ သုံးနေတဲ့ ဘဏ်ကဒ်တွေအကြောင်း ၊ စကားဝိုင်းရဲ့ မျှားဦးတွေက သူ့ဆီ စုပြုံကျရောက်သွားသည်။ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက် နိုင်မဲ့၊ ခေတ်မီ ဘဏ်စနစ်တွေ ၊ တဖြည်းဖြည်းနဲ့တော့  ဖြစ်လာတော့မှာပါ ဟာ…အရေးကြီးတာ ငါတို့ စိတ်ရှည်ဖို့ နဲ့ အကောင်းမြင်တတ်ဖို့ပဲ လိုတာ.. လို့ သူက ဆိုလေသည်။
ဟေ့..အကောင်းမြင်တာတွေ အဆိုးမြင်တာတွေ ဖန်ခွက်တ၀က်တွေ အပြည့်တွေ ပြောမနေနဲ့ကွာ၊ ဖန်ခွက်ထဲကရေကို ဘယ်လိုသောက်ရ မလည်း ဆိုတာပဲ  အရေးကြီးတာလို့... ၀င်နောက်လိုက်တဲ့ သူငယ်ချင်း က၊ ကုမ္ပဏီ နာမည်တခု မှတ်ပုံတင်ထားသူ ။ သူ့ ကုမ္ပဏီက၊  ဘာတွေလုပ်သလဲ ဆိုတာတော့၊ အားလုံး တိတိကျကျ မသိလှ ပေမဲ့၊ သူ စီးလာတဲ့ကားက၊ အတော် ဈေးကြီးလှသည်။ မူလတန်းကျောင်းသူ သမီးက၊ ၊ ကျောင်းမှာ သူငယ်ချင်းတွေ ကားအသစ်တွေ လဲကုန်ပြီမို့၊ အမေကို ပူဆာ နေတယ်ဆိုတဲ့ ၊ ရတနာကုန်သည် သူငယ်ချင်းမ ကိုတောင်၊  ကားအသစ်လဲဖို့ ၊ အကြံညဏ်တွေ၊ ပေးနေလေ သည်။ အခု ၀င်လာတဲ့ ကားတွေ မှာ၊ ကီလိုမီတာတွေ ဘယ်လိုလျှော့လို့ရတဲ့ အကြောင်း၊  ကားမော်ဒယ်ကိုတောင် ပြောင်းထားလို့ ရတဲ့ အကြောင်း ပြောနေတာကို ကြားတော့၊ မျက်လုံးပင် ပြူးသွားမိသည်။  မြန်မာပြည်က၊ လက်ရှိ  နာမယ်ကျော်၊ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတွေကိုလည်း အတော်အားကျပုံရသည်။ ပါးစပ်ဖျားကမချ။ ပြန်သာလာကြစမ်းပါဟာ..ဒီမှာ လုပ်စရာခွင်တွေ ပေါလွန်းလို့.. လို့ သူ ထပ်ပြောတဲ့ အချိန်မှာ၊ သူ့ရှေ့ စားပွဲပေါ်မှာ တင်ထားတဲ့  အိုင်ဖုန်းက ၊ တတစ်တစ် နဲ့ မြည်လာသည်။
.
သူငယ်ချင်းမ ကတော့ ၊ တလောလေး က၊ သိန်းငါးရာတန်  အခန်းတခန်း ဆွဲထားလိုက် မိ လို့ ၊ ကားမလဲ နိုင် သေးပါဘူးဟာ..လို့ ဆိုသည် ။ ခြံ တွေ မြေ တွေ ကတော့၊  သိန်းသုံးထောင် အထက်ချည်းပဲ မို့ ၊ အနား မကပ် နိုင်တဲ့ အကြောင်း ၊ ကလေးတွေ ပညာရေး ကလည်း၊ ပရိတ်ဗိတ် ကျောင်း ထားတာ ဆိုတော့၊ တအားကုန် တဲ့ အကြောင်း  ထပ်ညည်းပြနေတဲ့ သူငယ်ချင်းမ ကိုငေးရင်း ၊ ဆယ်စုနှစ် တခု ကျော်စာ အိုမင်း နေပြီ ဖြစ်တဲ့ အတိတ်တွေ ကို၊ ပြန်သတိ ရ နေ မိ သည်။ အဲဒီ တုန်းက တော့၊ ရန်ကုန် တက္ကသိုလ်ကြီးက၊ ကျောင်း ပြီးစ သူငယ်ချင်း နှစ်ယောက်သား ၊ နိုင်ငံခြား တက္ကသိုလ် တခုခု မှာ၊ ကျောင်း ဆက် တက်ခွင့်ရ ရေး၊ စကောလားရှစ် ရ ရေး သည်၊ အကြီးဆုံး ရည်မှန်းချက် ဖြစ်ခဲ့ ကြ သည် လေ။
.
ဟိုးအရင် ငယ်စဉ်က၊ ပိတ်ဆို့ ရှားပါး တဲ့ ခေတ်ကြီးမို့၊ နိုင်ငံခြားကို ရောက်နေတဲ့ ၊ အသိမိတ်ဆွေ တွေ၊ ပြန်လာပြီ ဆိုရင်၊ ပြင်ပကမ္ဘာက ၊ သတင်း တွေ၊ အတွေ့အကြုံ တွေ သည်၊ နားထောင် လို့ မငြီး နိုင် ခဲ့။ သူတို့ ပြောသမျှ ကို ငေးပြီး နားထောင်ရင်း စိတ်ကူးယဉ် ခဲ့ ဘူး သည်။ အခုတော့၊ ငေး ပြီး နားထောင်နေ ရ သည်မှာ၊  မြန်မာနိုင်ငံထဲက၊ အခြေအနေ  အပြောင်းအလဲ တွေ သာ၊ ဖြစ် နေ ပေသည်။ 
.
ဧည့်သည်တော်က၊ တိတ်ဆိတ် နေလို့လားတော့ မသိ ။ ကဲ… ခရီးထွက် တုန်းကရော၊ ဘာတွေ ပြောင်းလဲ လာတာ တွေ့ခဲ့ သလည်း.. လို့၊ အိမ်ရှင် သူငယ်ချင်းက၊ မေးခွန်း ကို ပြန်ဖော် လိုက် သည်။ တကယ်ပဲ၊ ဒီ သူငယ်ချင်း ဇနီးမောင်နှံကို ကျေးဇူးတင်ရ ပါသည်။ အစိုးရ ၀န်ထမ်း အရာရှိ ဖြစ်နေတဲ့ ဒီသူငယ်ချင်း ကြောင့်သာ၊ မြို့တော်သစ်ကြီး ဆီ၊ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ ရသည်။ 
.
ရန်ကုန်မိုး ကြောင့် ပဲလားမသိ ၊ စွတ်စို ရှုပ်ပွ ကျပ်ညပ် နေတဲ့၊ မြို့တော်ဟောင်း ကြီးကနေ၊ ထွက်လို့ သိပ်မကြာ ခင်၊ ကျယ်လွင့် ဖြောင့်ဖြူး နေတဲ့၊ နာမယ်ကျော်  လမ်းသစ်ကြီး ကို၊ မျက်ဝါးထင်ထင် မြင်လိုက် တော့၊ တကယ့်ကို အံ့သြ သဘောကျ ခဲ့ရ သည်။ မြို့စဉ်တွေ အားလုံးကို ကျော်လွှားပြီး၊ တရိပ်ရိပ် မောင်းနေတဲ့၊ သူငယ်ချင်း ရဲ့ ကားအသစ် ပေါ်မှာ ၊ သက်တောင့် သက်သာ ထိုင်ရင်း၊ လှပ ဆန်းကျယ် ၊ သမိုင်း မငယ် လှတဲ့ ၊ ပဲခူးရိုးမ ကြီးကို ၊ ပထမဆုံး အကြိမ် ၊ အနီးကပ် မြင်တွေ့ခွင့် ရခဲ့ သည်။ တဖက် လမ်းကြောပေါ်မှာ၊ တချက် တချက် လှမ်း တွေ့ ရ တဲ့၊ အဝေးပြေးကား သစ်ကြီး တွေ နဲ့ သပ်ရပ် ရှင်းလင်း နေတဲ့ ၊ ယဉ်ရပ်စခန်း ကြီးတွေ ကို မြင် ရတာ လည်း ၊ နိုင်ငံမှား ရောက်နေ သလား တောင် ၊ ထင်ခဲ့ ရ သည်။ မြို့တော်သစ် ကြီး နဲ့အတူ၊ မနီးမဝေးမှာ ရှိတဲ့၊ ဆည်အပမ်းဖြေစခန်းကြီး ကို ၊ ခမ်းနားလှပ စွာ မြင် ရ တာ လည်း ၊ စိတ်ချမ်းသာ စရာ ကောင်း ပါ သည်။
.
အဲဒီတော့ လည်း၊ အေးနော်..တော်တော့်ကို ပြောင်းလဲသွားတာ.. လို့သာ၊ လိုက်လိုက်လျောလျော အဖြေပေး လိုက်မိသည်။ တခြမ်းပဲ့နေတဲ့၊ တောရ ဘုန်းကြီးကျောင်းလေးတွေ... အရင်တုန်းက ရှိတဲ့ ရွာတွေကနေ ၊ ကျန်ခဲ့တာဆိုတဲ့ အပန်းဖြေစခန်း ကြီးထဲက ကျွန်းတိုင်လုံးကြီးတွေ... ကြီးမား ခန့်ထည် တဲ့ မြို့နယ် ဆိုင်းဘုတ်ကြီး တွေ အောက်မှာ၊ မြက်နှုတ်ပေါင်းသင် လုပ်နေ ကြ တဲ့၊ ဒေသခံ ရွာသူ ရွာသားတွေ ရဲ့ အကြောင်းတွေ ကိုတော့၊ ဆက်ပြီး အတွေးနယ်ချဲ့ မနေ ချင် တော့ပါဘူးလေ။ အကျင့်ပါနေ ခဲ့တဲ့၊ နိုင်ငံရေး နဲ့ လူ့အခွင့်အရေးတွေ အကြောင်း ၊အတိုက်အခံစကားတွေကို၊ အခုချိန်မှာ ပြောနေဖို့ မလိုတော့ဘူး မဟုတ်လား။ မသင့်တော်ဘူး  မဟုတ်လား။


++++++

“နိုင်ငံရေး ကိစ္စတွေ က၊ လွှတ်တော်ထဲ ကို ရောက်သွား ပြီ ဆို ပေမဲ့၊ ကျမ တို့ အနေနဲ့၊ လွတ်လပ်ပွင့်လင်း တဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေအဖြစ်နဲ့ ရှိနေ မှာပါ…”
.
ပရိသတ် အားလုံးရဲ့ရှေ့၊ စင်မြင့်ပေါ်ကနေ၊ စိတ်အားထက်သန်စွာ ပြောနေတဲ့၊ အမျိုးသမီးသည်၊ မကြာသေးခင် က၊ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာဆု ရထားသူ ဖြစ်သည်။ သူ့မှာ တခြား အဖွဲ့နှစ်ဖွဲ့ ကိုလည်း ဦး ဆောင် နေသေးသည် ဟု၊ သိ ရသည်။
.
ဟုတ်သည်ပဲ။ ရာနဲ့ချီတဲ့ ပရိသတ်တွေ ၊ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကြားမှာ၊ အခုလို စကားမျိုးတွေကို ၊ ၀ံ့ဝံ့စားစား ပြောနိုင်ဖို့ ဆိုတာ၊ မနှစ် တနှစ်က တုန်းကတောင်၊ မဖြစ်နိုင်လွန်း တဲ့ ကိစ္စ တခု လေ ။ ရောက်တုန်း ရောက်ခိုက် ၊ စာပေ မိတ်ဆွေ တယောက်က၊ ဒီနေ့ တော်ဝင်နှင်းဆီ မှာ၊ အမျိုးသမီးပွဲ တခု ရှိတယ်။ ဖိတ်စာ မလိုဘူး လာခဲ့ပါလား လို့ လှမ်းခေါ်တာကြောင့်၊ လေ့လာရအောင် သက်သက် ရောက်လာ ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတန်းက  ခုံတခုံ မှာ အသာ ၀င်ထိုင်ရင်း၊ အခြေအနေကို  စူးစမ်း နေ မိသည်။ သတိ ထားမိတာက၊  များပြားလှတဲ့၊ ကင်မရာကိုင် သတင်းသမားတွေ။  အဲဒီ အထဲမှာမှ၊ ခေတ်မီ ပြီး  ပေါ့ပါး ဖျတ်လပ် နေတဲ့၊ သတင်းထောက် မိန်းကလေးငယ်လေးတွေကို အတွေ့ရများတာ ကလည်း  ထူးခြား နေသည်။ ဘေးတဖက်တချက်မှာ ထိုင်နေတဲ့၊ အမျိုးသမီး နှစ်ယောက်ကို၊ မသိမသာ  အကဲခတ် ရင်း၊ မိတ်ဆက် စကား ဆိုကြည့်သည်။ အသက်ပိုကြီးပုံ ပေါ် တဲ့ အမျိုးသမီးက၊ အန်ဂျီအို တခုမှာ အတော် လုပ်သက် ကြာခဲ့ပြီး၊ အခု တခြား အန်ဂျီအိုတခုကို ပြောင်းတာ သိပ်မကြာသေးကြောင်း၊ အခု ဖတ်ကြားနေတဲ့၊ အမျိုးသမီးများနဲ့ ဆိုင်သော ဥပဒေများ စာတမ်းကို သူ့ မိတ်ဆွေတယောက်က ကူညီ ပါဝင်ထားတာ လို့  ဆိုသည်။ တခြားဖက်ခြမ်းက ၊ အသက်ပိုငယ်ပုံရတဲ့၊ ခပ်ပိန်ပိန် အမျိုးသမီး က တော့၊ စင်ကာပူ တက္ကသိုလ် တခုရဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး စကောလာရှစ် တခုနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမူ မဟာဘွဲ့ ရထားသူ လို့ ဆို တယ်။ စိတ်ဝင်စား သွားရင်း ၊ ခပ်တိုးတိုး စကား ဖလှယ် ကြည့်မိ သည်။ စင်ကာပူ မှာ၊ အလုပ် လုပ်နေ ရာ ကနေ၊ ပြန်လာပြီး ၊ ဒီက အခြေအနေတွေ နဲ့ အခွင့်အလမ်း တွေကို၊ စောင့်ကြည့် နေ ခဲ့တာ၊ ရှစ်လလောက်တောင် ရှိနေပြီ ဆို တော့ ၊ ပိုလို့တောင် စိတ်ဝင်စား သွားမိသည်။ အမရယ်..  ဆရာ့ ဆရာကြီး တွေ တောင်၊ ပြန်လာပြီး  အကြံပေးပဲ လုပ်စားရင် ကောင်းမလား.. အကြံအိုက် နေကြတာ၊ ကျမတို့လို ငချွတ်ကလေးတွေက၊ စမ်းတ၀ါးဝါး ပေါ့... အကြံကုန်ရင်တော့ ဆားချက်တာပေါ့..အမရယ်.. လို့၊ သူက ခပ်သောသောလေး ပြောသည်။ သူက ဘာအဓိပ္ပါယ်နဲ့ ပြောတာလည်း တော့ မသိ။ တနေ့တုန်းက၊ စီနီယာ အမ တယောက်နဲ့ ဖုံးပြော ဖြစ်တုန်း... ဟဲ့ ပြန်သာလာခဲ့.. ငါတို့ ပရိုပိုဆယ်တွေ တင်ထားတာ ရှိတယ်... ဆိုတဲ့ စကားကို သတိရရင်း ၊ စိတ်မသက် မသာ ဖြစ်သွားမိသည်။
.
အစီအစဉ်တွေ တခုပြီးတခု ပြောင်းသွားပေမဲ့ ၊ အတွေးတွေက ၊ တနေရာမှာ ငြိတွယ် ကျန်ရစ်နေသည်။ “အခုနောက်ဆုံး အစီအစဉ်အနေနဲ့ လှိုင်သာယာမှ ဆန္ဒပြညီမငယ်လေးများအား  စင်ပေါ်သို့ ဖိတ်ခေါ်ပါတယ်”  ဆိုတဲ့ အခန်းအနားမှူး ရဲ့ အသံအဆုံး၊ လက်ခုပ်သံတွေ  ညံ သွားတော့မှ၊ အတွေးအာရုံတွေ လူးလွန့် လှုပ်ရှား သွားရသည်။ သူတို့ အထဲက၊ မိန်းကလေး ခပ်ငယ်ငယ် တယောက် ရှေ့ကို ခပ်သွက်သွက် ထွက်လာပြီး၊ စကားပြောခွက်ကို ယူ လိုက် သည်။
.
 “ကျမတို့အားလုံး လုပ်ခ လစာနဲ့ ပတ်သတ်လို့ တောင်းဆိုနေတာဟာ  မတရား တောင်းဆိုနေတာ မဟုတ်ပါဘူး .. အခြေခံလစာ ငါးသောင်း ဆိုတာ စဉ်းစားကြည့်ကြ ပါ…..
စကားမဆုံးခင်.. လက်ခုပ်သံ တွေ ထပ်ထွက် လာပြန်သည်။

ဟုတ်ပေတာပဲ ။  ငါတို့တွေ၊ ပြန်လာ အလုပ်လုပ်ကြ ရင် ရော၊ အခြေခံလစာ ဘယ်လောက်များ ရသင့် ..ရ နိုင် မှာ တဲ့ လဲ။
.
ကျောင်းထောင်ကြရအောင်.. ဂျာနယ်ထုတ်ကြရအောင်... ခရီးသွားလုပ်ငန်း လုပ်ကြရအောင် လို့ အဖော်စပ် နေတဲ့ သူငယ်ချင်းတွေ ၊ လူမူရေးအသင်း ဖွဲ့ကြရအောင်.. စာကြည့်တိုက် ဖွင့်ကြရအောင် လို့ဖိတ်ခေါ်နေတဲ့ မောင်ငယ် ညီမငယ် တွေ ၊ ပရောဂျက်တွေ ရှိတယ်…လုပ်စရာတွေ အများကြီး ရှိတယ် ဆိုတဲ့  မိတ်ဆွေတွေ ၊ ရွှေတူးမယ်… ဆီရောင်းမယ်…ပစ္စည်းသွင်းမယ် ဆိုတဲ့ အသိတွေကို သတိရရင်း၊ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ ပြီးဆုံးသွားတဲ့ အခမ်းအနားရဲ့ နောက်ဆုံးတန်းကနေ ၊ မတ်တပ်ရပ်လိုက်သည်။ ခန်းမရဲ့ နောက်ဖက်မှာ၊ ဓါတ်ပုံ တဖျပ်ဖျပ် ရိုက်နေသူတွေ၊ အသင်းအဖွဲ့ အသီးသီးက တီရှပ်တွေ ၊ စာစောင်တွေ ရောင်းချ နေသူတွေကို ကျော်ဖြတ်ရင်း ၊ ခန်းမ အပြင်ကို ထွက်လိုက်တော့ ၊ ရန်ကုန်မိုးက၊ တအုန်းအုန်း  ရွာလို့ နေလေ သည်။


++++++

တနေ့လုံး တစိမ့် စိမ့် ရွာနေတဲ့ ၊ မိုးကြောင့် ၊ လေယဉ်ပြတင်းမှန် ကနေ၊ လှမ်းမြင် ရတဲ့၊ မင်္ဂလာဒုံ လေဆိပ် အဆောက်အဦကြီးက ပိုပြီး လွမ်းဖို့ ကောင်းနေသည်။  တိုက်တိုက်ဆိုင်ဆိုင်၊ လေယဉ်တစင်းလုံး ၊ အလွမ်းတွေ နဲ့ ဖုံးနေလေမလား တောင် ထင်ရသည်။ ဘာဖြစ်လို့လဲ ဆိုတော့၊ မလေးရှားကို သွားကြမည့်၊ လူငယ်လေး တွေ .. မရှိဘူး ဆိုလျှင်တောင် အနည်းဆုံး အယောက် သုံးဆယ်လောက် ရှိမည်။ ကုတ်အကျီ င်္ အနီရောင်လေး တွေ အားလုံး ဆင်တူနှင့်  ပြတင်းမှန် အသီးသီး မှာ မျက်နှာလေးတွေ ကပ်လို့နေကြသည်။
.
သွားတဲ့ လူတွေက  သွားနေ ကြရဆဲ မှာ၊  ပြန်လာချင်တဲ့ သူတွေကလည်း၊  ပြန်ရှာ နေကြဆဲပင် ။ သွားလိုတဲ့ အချိန်မှာ သွားနိုင် ပြီး၊  ပြန်လာချင်တဲ့ အချိန်မှာ အပြန်သာနိုင်တဲ့ အခြေအနေတခု  ဖြစ်သင့်တာပေါ့ ဆိုတဲ့ မျှော်မှန်းချက်က၊ ယေဘုယျ အားဖြင့်တော့၊ ပြောလို့ ကောင်းသားပင်။ တကယ်တော့ သွားမဲ့သူတွေ.. ပြန်မဲ့သူတွေ ..နေမဲ့သူတွေ ဆိုတာ ၊ ခေတ်စနစ်ရဲ့ အပြဌာန်းခံ မျိုးဆက်တွေသာ ဖြစ်တာမို့၊ အားလုံးဟာ၊ လူမူစီးပွား လှိုင်းလုံးတွေ နဲ့ နိုင်ငံရေး မုန်တိုင်းတွေ ကြားမှာ၊ တက်လိုက် ကျလိုက်၊ ထွက်လိုက် ၀င်လိုက် ဖြစ်နေကြရ အုံးမှာပါပဲလေ။  အခု ပြောနေကြရတဲ့ အပြောင်းအလဲ ဆိုတာက လည်း လှိုင်းလုံးကြီး နောက်တလုံးပဲ မဟုတ်လား။

.
 လေယဉ်ကြီးက၊ ကောင်းကင်ပေါ် ပျံတက်နေပြီ မို့၊ မှန်ပြတင်းကနေ အကြည့်လွှဲ ရင်း၊ လေယဉ် အတက်မှာ ယူလာတဲ့၊ ရန်ကုန်မြို့ထုတ်၊ အပတ်စဉ် သတင်းဂျာနယ် တစောင်ကို၊ ကောက်ကိုင် လိုက် သည်။ ဟုတ်ပါတယ်... မြန်မာပြည်ကြီး ပြောင်းလဲနေပြီပဲ ။  ကမ္ဘာ့ စင်မြင့်ပေါ်မှာ၊ ရဲဝံ့တည်ကြည်စွာ ၊ မိန့်ခွန်းပြောနေတဲ့၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံရိပ်သည်၊ သတင်းဂျာနယ် ၏၊ မျက်နှာဖုံးထက်မှာ အထင်အရှား ။ ဘေးခုံတချို့ကို ဝေ့၀ဲ ကြည့်လိုက်ရင်း၊  ပြည်ပမှာ နေထိုင်လုပ်ကိုင် နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား များနဲ့ ပတ်သတ်လို့ သူမ ပြောသွားတဲ့ အဖြေ စကား တချို့ကို သတိရသွားမိ သည်။ ကွာဟမူ တွေကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားရမယ် တဲ့။ ပြီးတော့၊ သူမ ခပ်သောသော လေး ပြောသွားတဲ့၊ ပြုပြင်ပြောင်းလဲမူ တွေ အတွက် လိုအပ်နေတဲ့ အရာတွေ..။ Shakers .. Movers ... Doers တွေ တဲ့လေ။ သူမ က၊ မြန်မာစကားကို  ပီပီသသ ရေးစေချင် ပြောစေ ချင်သည် မို့၊ အဲဒီ အင်္ဂလိပ်စာလုံး အတွဲလေးကို၊ အနီးစပ်ဆုံး ဆီလျော်အောင်၊ ကြိုးစားပြီး၊ မြန်မာစကားနဲ့ ဖလှယ် ကြည့်မိသည်။

Shakers ဆိုတာက ...ခေါင်းလောင်းထိုးသူ တွေ ပေါ့။  Movers ဆိုတာက … နွံထဲကလှည်းဘီးတွန်းသူ တွေ ပေါ့။ 
.
Doers ဆိုတာ ကို တော့ ... စကားလုံး သက်သက် နှင့် ဖွင့်ဆို ဖို့ မဖြစ်နိုင် ပေ။


ကေသွယ်
၁၀ နာရီ ၅၂ မိနစ်
၂၅ ဇူလိုင် ၂၀၁၂



Bi Weekly Journal - 09 August 2012  တွင် ပါပြီး


Share/Bookmark

1 Comment:

TZA said...

ဖတ်လို့ကောင်းပါ့ဗျာ