အခမ်းနားဆုံး နဲ့ အနုနယ်ဆုံး လွှတ်တော်ကြီးအကြောင်း တစေ့တစောင်း
ခုတလော ဖြစ်ပျက်နေတဲ့ လွှတ်တော် အငြင်းအခုံ ပြသာနာ တွေနဲ့ ပတ်သတ်လို့ မရှင်းတာလေး တွေကို ဖခင်ဖြစ်သူထံ လှမ်းမေးမြန်း ကြည့်ရင်း- အခမ်းနားဆုံး နဲ့ အနုနယ်ဆုံး လွှတ်တော်ကြီး အကြောင်း တစေ့တစောင်း မြင်လိုက်ရသလိုလို ...။
"ဖေဖေ့ပြန်စာ”
သမီးကေ..
သမီးပို့ ထားတဲ့ ဆောင်းပါးလေးနဲ့  သမီး(လေး) ရဲ့ ဆွေးနွေးချက်တွေကို ယှဉ်ပြီး ဖတ်ရပါတယ်..။ အဲဒီ နှစ်ခုနဲ့ တင်  အချက်အလက်က အတော် ပြည့် စုံနေပါပြီ..။ ဖေဖေထပ်ဖြည့်စရာ နဲနဲပဲ ရှိပါတယ်။ သူတို့ ပြောနေတဲ့  ဖွဲ့ စည်းပုံ အခြေခံဥပဒေထဲမှာ  “နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်တဲ့  (က)ဥပဒေပြုအာဏာ (ခ)အုပ်ချုပ်ရေးအာဏာ (ဂ)တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲ ခြင်းနှင့်  အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုသည်”  တဲ့ ။ အဲဒါဟာ ဒီမိုကရေစီ အနှစ်သာရပဲ..။
(အာဏာရှင်စနစ်ဆိုရင်တော့-ဥပဒေပြုတာလည်း သူပဲ..။အုပ်ချုပ်တာလဲသူပဲ။ တရားစီရင်ရေးတော့လည်း..သူစီရင်ခိုင်းသလို  စီရင်တာပဲ..)
ဒီအာဏာကြီး သုံးရပ်  မဏ္ဍိုင်ကြီး သုံးရပ်ဟာ  တဦးတည်း သဘော  မဖြစ်ဘဲ..အပြိုင်အဆိုင်..တဦးကို တဦး   စောင့်ကြည့်တည့်မတ် ထိန်းကျောင်း ပြုပြင်ပေးနေရမယ်..။အဲ ဒါကြောင့်  မဏ္ဍိုင်ကြီးသုံးရပ်မှာ..တဦးဦးက အားနဲနေတာမျိုး  တဦးဦးက အဆင့် နိမ့် နေတာ မျိုး  မဖြစ်ရဘူး.။ ဥပဒေပြုရေး အာဏာကို   လွှတ်တော်များက ပိုင်ဆိုင်တယ်..။သူက လုပ်ရမယ်..။အုပ်ချုပ်ရေး အာဏာကို  သမ္မတ နဲ့ဝန်ကြီး အဖွဲ့ ။ဒီပြင်  သမ္မတနဲ့ ဆိုင်ရာအဖွဲ့ တွေက ပိုင်တယ်..။သူတို့  လုပ်ရမယ်..။ (သူ့ မှာတော့အဖွဲ့ တွေက များတယ်။အခြေခံဥပဒေခုံရုံး ..တို့၊ဥပဒေရုံးတို့..ဆိုတာတွေ ပါတာပေါ့..) တရားစီရင်ရေး အာဏာကို တရားလွှတ်တော်ချုပ်က ပိုင်တယ်..။သူက လုပ်ရမယ်…။(ဒါပေမယ့်  သူမှာလဲ စစ်တပ်ကို မသိမသာ ခွဲပေးထားရတာတော့  ရှိတယ်..ဒါတွေ  အခုထားလိုက်ဦး)
ဥပမာ(၁) ဆိုပါတော့....   ဧရာဝတီတိုင်းက မြစ်ကူးတံတားတစင်း  ဘာကြောင့်  အချိန်မီဆောက်မပြီးသလဲ..ဆိုတဲ့  မေးခွန်းမျိုးကို ၀န်ကြီးက ဟိုး..အထက်အညာက မြစ်ကူးတံတားတခုကို သူတို့ အချိန်တိုတိုနဲ့  ဘယ်လိုတည်ဆောက် နေတယ်..ဆိုတာမျိုး   မဆီမဆိုင်တွေ ရှင်းနေတတ်တယ်..။
ဥပမာ(၂)  ရန်ကုန် မန္တလေး မီးရထားလမ်း  ဘာကြောင့်  ညဖက်  မထွက်နိုင်သလဲ ဆိုတဲ့  မေးခွန်းမျိုးကို ၀န်ကြီးက  လုံခြုံ ရေး ကြောင့် ပါလို့  ဖြေပြီး  နှစ်ရက်လောက်အကြာမှာ  ညရထားတွေထွက်မယ့်  အချိန်ဇယားထွက် လာတာ မျိုး..။
ဥပမာ(၃) လွှတ်တော် ရေးရာ ကော်မတီ  အစည်းအဝေးတခုဟာ  သက်ဆိုင်ရာဝန်ကြီးက တခြားကိစ္စတခု ကြောင့်   မတတ်နိုင်တာကို  လွှတ်တော်ကိုယ်စားလှယ်တွေ က  အချိန်ကုန်ခံထိုင်နေရပြီး  အလုပ်မဖြစ်တာမျိုး။
ဥပမာ(၅)  ခင်ဗျားတို့  လွှတ်တော်ကိုယ်စားလှယ်တွေ ထဲ မှာ  ၁၀တန်းတောင်  မအောင်တဲ့ သူတွေ ပါသေးတယ်..လို့ ဝန်ကြီးတယောက် က ပြောတာမျိုးတွေ..။  
လွှတ်တော်ကြီးဟာ ပုံသဏ္ဍန်ကြီးကသာ ခမ်းနားပြီး  ကျိုင်းတွေ သိုင်းတွေ ၀တ်ရုံကြီးတွေ နဲ့  ပွဲထွက်နေတာလောက် သဘောဆောင်ပြီး   နအဖ ခေတ်ကလို  ၀န်ကြီးတွေကပဲ  တန်ခိုးထွားနေမှာပေါ့ ..။ခုရက်ပိုင်း ကြားရတဲ့ လွှတ်တော်သတင်းတွေ ထဲမှာဆို  လွှတ်တော်မှာ သက်ဆိုင်ရာဖြေကြားရမဲ့ ကိစ္စတွေကို ၀န်ကြီးအဆင့် တွေက လာမဖြေတော့ဘူးတဲ့ ..။ ဒုဝန်ကြီးလောက် ၊ညွှန်ချုပ် ညွှန်မှူး အဆင့် လောက်ကပဲ  လာ ဖြေနေကြသတဲ့..။လွှတ်တော်ကို  အဆင့် နှိမ့် ထားသလို သဘော သက်ရောက်  နေတာပေါ့ ..။
ဒီအခြေအနေတွေကနေ ပေါက်ကွဲလာတဲ့  ပွက်လောရိုက်နေတဲ့ ပြသနာက..သမ္မတဖွဲ့ တဲ့ အဖွဲ့ ကမှ ပြည်ထောင်စု အဆင့် လား..။လွှတ်တော်က ဖွဲ့ တဲ့  အဖွဲ့ တွေကရော ပြည်ထောင်စု အဆင့် မဟုတ်ဖူးလား..ဆိုတဲ့ ပြသနာပဲ။အဲဒီမှာ သမ္မတက ဖွဲ့ ထားတဲ့   အခြေခံဥပဒေခုံရုံးကနေပြီး  လွှတ်တော်က ဖွဲ့ တဲ့  ကော်မတီတွေ  ကော်မရှင်တွေ ဟာ  ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့   ဆုံးဖြတ်ချလိုက်တော့ အကြီးအကျယ် ပေါက်ကွဲတော့တာပဲ..။
 ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက  ထိန်းထိန်းသိမ်းသိမ်း သမ္မတဆီ တင်ပြပြီး  ပြေရာပြေကြောင်းဖြစ်ဖို့ လုပ်တယ်..။(သမီးတို့ပေးတဲ့ ဆောင်းပါးတွေထဲမှာ  အခြေခံဥပဒေခုံရုံးကို ပြစ်တင်ရှုံ့ချဖို့  နှစ်ကြိမ်ကြိုးစားနေတာ မအောင်မြင်ဘူးဆိုတာပါလာတယ်.. ..ဖေဖေသိသလောက်တော့ ပြည်သူ့လွှတ်တော်ဥက္ကဌဦးရွှေမန်းက  အခြားနည်းနဲ့  ပြေပြေလည်လည်ဖြစ်သွားအောင် လုပ်မယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်များကို  သီးခံဖို့ မေတ္တာရပ်ခံထားတာ လို့   သိရတယ်..။အခြေခံဥပဒေခုံရုံးက  သူ့ ဖာသာ နှုတ်ထွက်သွားအောင်  သမ္မတက တိုက်တွန်းပေးဖို့  သဘောပဲ..။)
အဲဒီအခြေအနေမှာ   သမ္မတက အခြေခံဥပဒေခုံရုံးကို  လွှတ်တော်အသီးသီးက ဖွဲ့ စည်းထားတဲ့   အဖွဲ့ တွေဟာ  ပြည်ထောင်စု အဆင့် အဖြစ်  အဓိပ္ပါယ်ဖွင့် ဆိုတာက  အခြေခံဥပဒေနဲ့  ကိုက်ညီခြင်းရှိမရှိ..။မေးခွန်းမေးလိုက်တော့  အခြေခံဥပဒေခုံရုံးကလည်း  မရှိဘူးလို့ ဖြေလိုက်တာပဲ..။အခြေခံဥပဒေ ခုံရုံးက  ဒီလိုဖြေမဲ့  သာဖြေလိုက်တာပါ။တကယ်တော့ ဒီပြည်ထောင်စု အဆင့် ဆိုတဲ့ အသုံးအနှုံးကို  အခြေခံဥပဒေမှာတော့ သုံးထားပြီး ဖွင့်ဆိုချက်မရှိဘူး..။အခြေခံဥပဒေမှာ မရှိပေမယ့်  ပြည်သူ့လွှတ်တော် ဥပဒေနဲ့အမျိုးသားလွှတ်တော်ဥပဒေမှာ တော့  လွှတ်တော်အသီးသီးက ဖွဲ့ စည်းတဲ့  ကော်မတီ၊ကော်မရှင်နှင့်  အဖွဲ့ အသီးသီးဟာ ပြည်ထောင်စု အဆင့် ဖြစ်တယ်ဆိုတာ တိတိကျကျ ဖော်ပြပါရှိပြီးသားပါ..။
 ဒါကို အခြေခံဥပဒေခုံရုံးက အခြေခံဥပဒေကို သာ  ကြည့် မယ်..။ ဒီ့ ပြင်ဥပဒေတွေ ကြည့် စရာမလိုဘူး လို့   ဗြောင်ငြင်းတယ်..။ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကြည့် တော့ လည်း    အခြေခံဥပဒေထဲမှာ ဒီဖွင့် ဆိုချက်က မပါတော့  ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့   အခြေခံမူအနှစ်သာရ  (စကားလုံးအရသာ မဟုတ်)နဲ့ ဒီအခြေခံ ဥပဒေ ရေးဆွဲ တုံးက  ဘယ်လိုသဘောထားတွေ ရှိတယ်ဆိုပြီး  လူတကာအော့ကျော့လန်ခဲ့တဲ့  ညောင်နှစ်ပင်ညီလာခံ က  အကြောင်းတွေနဲ့ ဦးအောင်တိုး  ပြောတာတွေကို အကျယ်ချဲ့ ကိုးကားနေတယ်..။တကယ်ကိုးကားရမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့  အဓိကမူဖြစ်တဲ့  မဏ္ဍိုင်ကြီးသုံးရပ် ၊အာဏာကြီးသုံးရပ်ဟာ တဦးကို တဦးစောင့်ကြည့် ၊ကြပ်မတ်၊ထိန်းသိမ်း တည့်မတ်ပေးဖို့ အဆင်သင့်အတူရှိနေရမယ်  ဆိုတာကိုတော့ ဘေးချိတ်လိုက်တယ်။
အဲဒီလို အဆင့်တူအောင်  လုပ်လိုက်လို့  လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့   အဖွဲ့ အစည်းနဲ့ အဖွဲ့ အစည်းဝင်တွေကို  ပြည်ထောင်စုအဆင့် သတ်မှတ်ပြီး  ပြည်ထောင်စုအဆင့် (status)အဆောင်အယောင် နဲ့လစာတွေ ပေးရရင်  ဘဏ္ဍာရေးအများကြီးကုန်ကျသွားမယ်..လို့  ဆိုတဲ့ သူက ဆိုသေးတယ်..။ ဒါကတော့ ကုန်ကျသင့်ရင်  ကုန်ကျခံရမှာပေါ့ ။အဲဒီလို  ငွေကြေးကုန်ကျမှုကို စိုးရိမ်နေခဲ့ ရလို့  သမိုင်းမှာ(၁၉၄၇)ခုနှစ် အခြေခံဥပဒေဟာ  ပြည်ထောင်စုစစ်စစ် မူမဟုတ်ပဲ  တပြည်ထောင်စနစ် ဆန်ဆန်   ဖြစ်ခဲ့ ရဘူးပြီ..။နိုင်ငံတော် အတွက် မူတခု  ချပြီးလို့  ဒီမူကို  တိတိကျကျ  အကောင်အထည်ဖော်ရာမှာ  ငွေကြေးကုန်ကျမှုကို  တွက်မနေသင့်ပါဘူး..။ငွေကြေးကုန်ကျမှု  များနေရင်လည်း  အားလုံးတညီတည်း  လျှော့ ယူကြပေါ့ ..။ အခုယူသလိုသမ္မတ သိန်း(၅၀)ဆိုတာမျိုးတွေ  မယူနဲ့ ပေါ့ ..။
 ဒါက  ပထမပိုင်း။  ပြည်ထောင်စု  အဆင့် သတ်မှတ်ရေး  ပြသနာ အပေါ်  အမြင်သုံးသပ်ချက်တွေပါ။ ဒုတိယပိုင်းကတော့   အခြေခံဥပဒေ ခုံရုံးအဖွဲ့ ဝင်များကို  (သို့မဟုတ်) ခုံရုံးကို စွပ်စွဲအပြစ်တင်ခြင်းကိစ္စပါ..။ ဒီကိစ္စမှာ အစပိုင်းက ပြောခဲ့သလို    ပထမပြည်သူ့ လွှတ်တော်က  ကိုယ်စားလှယ်  (၂၀၁)ဦးက  လက်မှတ် ထိုးပြီး ဥပဒေအရ   လွှတ်တော်ဥက္ကဌထံ တင်ပြခဲ့ တယ်..။ဒါကို ဥက္ကဌ ဦးရွှေမန်းက  ကိုယ်စားလှယ်များကို ခေတ္တသည်းခံကြဖို့  မေတ္တာရပ်ခံပြီး  သမ္မတနဲ့ ဆွေးနွေးတယ်(အကြောင်းကြားတယ်)။ခုံရုံးကို အပြစ်တင်တဲ့ အဆိုအထိ  တင်သွင်းပြီး မဲခွဲဆုံးဖြတ်ရရင် လွှတ်တော် သက်တမ်း တနှစ်ကျော် အတွင်းမို့  အရုပ်ဆိုးမယ်..။ ဒီတော့  သမ္မတက ညှိနှိုင်းပြီး   ခုံရုံးက အလိုအလျှောက် နှုတ်ထွက်ဖို့  ပြောပေးပါပေါ့..။ ဒါကလည်းသမ္မတက အဲဒီလိုဆွေးနွေးလို့  မနာခံရင်  သမ္မတကိုယ်တိုင်က  စွပ်စွဲပြစ်တင်နိုင်တယ်..။ခုလို အကျယ်အကျယ် မဖြစ်ပဲ
ပြေလည်သွားစေမယ့် နည်းလမ်းပေါ့..။ဒါကို သမ္မတက လက်မခံဘူး..။နှစ်ကြိမ်တောင် လက်မခံဘူး..။အခု နောက်ဆုံးအကြိမ်မှာတော့  သမ္မတက  အခြေခံဥပဒေ  အခန်း(၁၂)အရ  ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဖို့ ပဲ လုပ်ပါလို့  ပြောတယ်..။ဒီ ပြည်ထောင်စု အဆင့်  ဆိုတဲ့   စကားရပ်ကို  ဖွဲ့ စည်းပုံ အခြေခံဥပဒေထဲမှာ သုံးတော့ သုံးထားတယ်..။အဓိပ္ပါယ်ဖွင့်ဆိုချက်  မပါတာပဲ ဖြစ်တယ်။ဒါကို  ဘယ်လိုပြင်မလဲ..။  ဒါကတပိုင်း..။
ဒါဆို ဘာပြု လို့   ခုံရုံးကို  စွပ်စွဲပြစ်တင် တဲ့  အဆိုကို   တခါတည်း  မတင်တာလဲလို့   မေးစရာရှိတယ်။ ဒါကိုတော့ ဖေဖေ့  အထင်ပြောမယ် (ဒါ..ဖေဖေ့  အထင်နော်)။ ဟိုနေ့ က အခြေခံ ဥပဒေ ခုံရုံးက  သတင်းစာ ရှင်းလင်းပွဲမှာ   သူတို့ ဆုံးဖြတ်ချက်ကို  ပြန်ပြင်မပေးနိုင်ဘူး..။တကယ်လို့   သူတို့ ကို  လွှတ်တော်က စွပ်စွဲပြစ်တင်တဲ့  အဆိုနိုင် သွားလို့  သူတို့ နှုတ်ထွက်ရရင်တောင်မှ သူတို့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်ဆုံးဖြတ်ချက် ဖြစ်လို့   ဒီအတိုင်းပဲ ဆက်ရှိနေမယ်လို့  ပြောသွားတာ ရှိတယ်..။ဒါကြောင့်   ပထမဦးစွာ ဒီဆုံးဖြတ်ချက်ကို အရင်ဦးဆုံး တိုက်ရမယ်..။ဒီဆုံးဖြတ်ချက်ကို  အမျိုးသားလွှတ်တော်က လက်မခံဘူး ဆိုတာကိုအရင်ကျအောင်ချရမယ်..။နောက်မှ  လွှတ်တော်က  သဘောမတူတဲ့   (အခြေခံဥပဒေအရ  မူများနဲ့ လည်း မကိုက်ညီတဲ့ )ဆုံးဖြတ်ချက်ကို  ချမှတ်တဲ့  ခုံရုံးကို  စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချရမယ်..။ဒီနေ့ (၂၅.၈.၁၂)သတင်းစာမှာတော့ ခုံရုံးကို စွပ်စွဲပြစ်တင် တဲ့  အဆိုကိုပဲ  ဆွေးနွေးမယ်လို့  ဖတ်ရတယ်..။
နောက်ဆုံး အပိုင်းကတော့  ဒီအဆို အောင်မြင်သွားရင်  သမ္မတကြီး သိက္ခာကျသွားမလား.။ဒေါ်အောင်ဆန်းစုကြည်က  ယုံကြည် တဲ့   သမ္မတ အားနဲသွားရင်  ဒေါ်စုကော အားနဲသွားမလား..။သမ္မတ အားနဲသွားရင် အခု ရှိနေတဲ့  အပြောင်းအလည်းတွေ  နောက်ကြောင်းပြန်လှည့် သွားမလား ဆိုတာ တွေ နဲ့  ပတ်သက်ပါတယ် ။
ဒါကိုတော့မထူးပါဘူးလို့ပဲ  ပြောရမှာပဲ။အခုကော  ဒေါ်အောင်ဆန်းစုကြည်က သမ္မတကို ယုံကြည်တယ်..ဆိုတဲ့  အတွက်  နိုင်ငံတကာက သမ္မတ အပေါ်  အမြင်ကောင်းလာတာပဲ ရှိပြီး..။သမ္မတ ဘက်က  ဘာများပိုပြီး လုပ်နိုင်လို့ လည်း  ..။သမ္မတနောက်က  လူတွေကကော  သမ္မတနောက်ကို ဘယ်လောက် လိုက်လာလို့လဲ။ လိုက်မလာရင် ချန်ထားခဲ့ မယ်လို့ ပြောနေပေမယ့်  သမ္မတက  ဘာများထပ်လုပ်ရဲ လို့လဲ..။ဒီတော့ မထူးပါဘူး..။ အခု  ရခိုင်ကိစ္စမှာတောင်  သမ္မတ ဘယ်လောက်ရုပ်ပျက်ရသလဲ..။ သမ္မတ က လွှတ်တော်ကို ပေးတဲ့ သ၀ဏ်လွှာနောက်မှာ ရခိုင်အရေးသုံးသပ်ချက် လို  ပူးတွဲစာတစောင်ကို သမ္မတ သဘောထားမပါပဲ..ဘယ်သူက  ကပ်တွဲထည့်လိုက်တာလဲ..။သူမသိပဲ ထဲ့လိုက်တယ်..ဆိုရင်တော်တော် အန္တရာယ်ကြီးတဲ့  လုပ်ရပ်နော်..။လုပ်တဲ့သူ ဘယ်သူလဲ ဖော်ထုပ်ရမယ်..အရေးယူရမယ်..။ဒါတွေ တဆက်တည်း လုပ်မလာရင် သမ္မတကြီး အပေါ် ပြည်သူရဲ့  ယုံကြည်မှုတွေ တောင်လျော့ ပါးသွားနိုင်တယ်..။ထားတော့..။
ဆိုလိုချင်တာက..သမ္မတကြီးအနေနဲ့ သူ့သမ္မတရုံးကို တောင်  သူစိတ်ချရမယ့်  ပုံမရှိဘူး..။ နောက်..ပြောနေကြတာက  လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက လွှတ်တော်အဖွဲ့ အစည်းတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်  မဟုတ်တဲ့ သူ့ သားကို  ထည့်ထားတယ်..ဆိုတဲ့ ကိစ္စ။နောက်ပြီး သူ့ သားက နံမယ်ပျက်နေတဲ့ ခရုနီကြီး ဇေကမ္ဘာခင်ရွှေရဲ့  သားမက်ဖြစ်နေတယ်ဆိုတာတွေ..။ဒါကတော့  လွှတ်တော်ရေးရာ အဖွဲ့ အစည်းတွေမှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တဲ့သူတွေကိုလည်း  ထဲ့ဖွဲ့ စည်းနိုင်တယ်..လို့  အခြေခံဥပဒေက ပေးထားတဲ့  အခွင့် အရေးကရှိနေတယ်…။အဲဒီအရ  လုပ်နိုင်ခွင့် ရှိတာပေါ့ ..။ဒီတော့  ဦးရွှေမန်းသားကိုလည်း  သူမဟုတ်တာ လုပ်တော့မှ  သူ့ ကိုလည်း ကန့်ကွက် အပုပ်ချ ယုံပေါ့ ..။
 ကဲ..နဲနဲပဲ  ရေးစရာရှိတယ်ဆိုပြီး  စာတော်တော်ရှည်သွားပြီ..။သမီးတို့လည်း ကိုယ့် ကိုယ်ပိုင် အမြင်များနဲ့  ပေါင်းစပ်ပြီး  သုံးသပ်ကြပေါ့ ..။ဒါဟာ  စိတ်ဝင်စားစရာကောင်းသလို  တို့ တိုင်းပြည်ရဲ့  နုနယ်တဲ့ လွှတ်တော်မှာ  အတွေ့အကြုံ ကြီးကြီးတခု..။ လုပ်ထုံးလုပ်နည်း တခု ရတာပေါ့..။တခုပြောချင်တာက ဒီကိစ္စကြောင့် စည်းလုံးညီညွတ်မှု ကို ထိခိုက်မယ်ဆိုရင်  အစကတည်းက  စည်းလုံးညီညွတ်မှု မရှိသေးလို့ ..မကျစ်လစ်သေးလို့ ပါပဲ..။ ဘယ်ဟာ မဆို  တခုခု ရဖို့ဆိုရင်  တခုခု တော့  ပေးရတတ်ပါတယ်..။ ပေးရတာက နဲပြီး.. ရတာက များရင်တော့  အမြတ်ပေါ့ ..။  ဒါမှ  မဟုတ်လည်း ပြောင်းပြန်ပေါ့ ..။      ။
သမီးတို့ ရဲ့
ဖေဖေ
(၂၅.၈.၁၂) 
အင်း..ဒါဆို.. ဒါက..သမ္မတ ရဲ့ အကြပ်အတည်း ဖြစ်နေတာပေါ့..။ အဲဒီလို ဖြစ်လာအောင်များ တမင် ဖန်တီး ထားတာလား.. ( အတွေး)
Share/Bookmark
3 Comments:
မယ့်ကိုး said...
သမ္မတကြီးကို မချစ်၊မမုန်းပေမယ့် အခုတော့ တော်တော်သနားလာပြီ … ရုပ်ပြကြိုးဆွဲခံဘဝက ဝမ်းနည်းနာကျင်စရာကောင်းလှပါဘိ။
NSA said...
စာအဆုံးမှာ သက်ပြင်းချမိသော လွှတ်တော်အကြောင်း တစေ့တစောင်းးးး
Unknown said...
NLD အမတ်ဦးဝင်းထိန် (မိတ္ထီလာ) ပြောတဲ့စကားလေး ရှိတယ်။ လွှတ်တော်က အရမ်းလွတ်လပ်တယ်။ အတား အဆီးမရှိဘူး။ အစိုးရကို မကောင်းဘူး ပြော - တရားသူကြီးတွေ မမှန်ဘူး ပြော- ကြိုက် သလောက် ပြော-ရတယ်။
ဒါပေမယ့် လွှတ်တော်ကိုတော့ လာမပြောနဲ့ မီးပွင့်သွားမယ်-မီးဟုန်းဟုန်းတောက် သွားမယ် ဆိုတဲ့ စကား လေးပါ။ (EMG Comment)